The network connection is lost.

Banner Image

မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုတွေ လက်လွှတ်ရရင် ပါတီပွဲလုပ်မယ်လို့ အရွှမ်းဖောက်ခဲ့တဲ့ ယာဂန်ကလော့ပ်

ယာဂန်ကလော့ပ်က လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုတစ်ကြိမ်သာ ဆွတ်ခူးနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းအပေါ် လတ်တလောစုံစမ်းစစ်ဆေးမှုတွေကြောင့် သူ့ရဲ့အောင်မြင်မှုမှတ်တမ်းမှာ နောက်ထပ် ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ခု ထပ်မံပေါင်းထည့်သွားနိုင်မယ့်အလားအလာကို ပိုင်ဆိုင်သွားနိုင်ပါတယ်။

လီဗာပူးအသင်းနည်းပြဟောင်းယာဂန်ကလော့ပ်က စွဲချက် ၁၁၅ ခုနဲ့အတူ စုံစမ်းစစ်ဆေးမှုတွေကြောင့် မန်စီးတီးအသင်းရဲ့ အမှတ်ပေးချန်ပီယံဆုတွေကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ ပြန်လည်သိမ်းဆည်းမယ်ဆိုရင် မာယော့ကာကျွန်းပေါ် ပါတီတစ်ခု စုစည်းကျင်းပရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ယာဂန်ကလော့ပ်လက်ထက် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွေမှာ လီဗာပူးအသင်းက ပက်ဂွါဒီယိုလာရဲ့အထူးစပါယ်ရှယ်မန်စီးတီးအသင်းအတွက် အကောင်းဆုံးပြိုင်ဘက်ဖြစ်ခဲ့ပြီး ချန်ပီယံဆုကို လက်မတင်လေးလွဲချော်ကာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။ သူတို့တွေက ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့ အမိအရသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလတွေမှာပဲ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့လွတ်လပ်တဲ့ကော်မရှင်တစ်ခုက ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မန်စီးတီးအသင်းရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ၁၁၅ ခုအထိ ရှိခဲ့တယ်ဆိုပြီး ၂၀၂၃ ခုနှစ်မှာ စွဲချက်တင်ခဲ့ပါတယ်။

ကလပ်အသင်းဘက်ကတော့ သူတို့ရဲ့ရိုးသားဖြူစင်မှုကို အမြဲတမ်းထိန်းသိမ်းထားခဲ့ပေမယ့် ကော်မရှင်ဘက်ကသာ အပြစ်ရှိကြောင်းရှာဖွေတွေ့ရှိမယ်ဆိုရင် မန်ချက်စတာအခြေစိုက်ကလပ်ကို ဘယ်လိုပုံစံမျိုးအရေးယူသွားမလဲဆိုတာနဲ့ပတ်သက်လို့ ထင်ကြေးပေးမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ပြစ်ဒဏ်တွေထဲမှာ တန်းဆင်းပြစ်ဒဏ်၊ ကြီးလေးတဲ့ငွေဒဏ်နဲ့ အမှတ်ပေးချန်ပီယံဘွဲ့တွေကို ပြန်လည်ရုပ်သိမ်းမယ့်ပြစ်ဒဏ်တွေလည်း ပါဝင်နေပါတယ်။

Red Bull အုပ်စုရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူပြီးနောက် လူမြင်ကွင်းရှေ့ ပြန်ရောက်ရှိလာတဲ့ ယာဂန်ကလော့ပ်ကတော့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ မန်စီးတီးအသင်းရဲ့ချန်ပီယံဘွဲ့တွေကို ပြန်လည်ရုပ်သိမ်းမယ်ဆိုရင်လည်း သူကတော့ ဝမ်းနည်းနေမှာ မဟုတ်ဘူးလို့ ဆွေးနွေးခဲ့ပါတယ်။

ဂျာမန်သားကြီးက “ကျွန်တော် ထွက်ခွာလာချိန်ကတည်းက ဒီဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်က နေရာစုံ လေကြောင်းခရီးစဉ်ထွက်ခွာနေရလို့ မာယော့ကာမှာတော့ အချိန်ကြာကြာမရှိနေခဲ့ပါဘူး။ ဒါပေမယ့် အခုပြောနေသလိုမျိုး ဖြစ်လာမယ်ဆိုရင်တော့ ‘မာယော့ကာခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဖြတ်ထား၊ ငါတော့ ဘီယာတွေ ဝယ်ထားပြီးပြီဟေ့’လို့  ဒီနေရာဆီလာချင်သူတိုင်းကို ကျွန်တော် ဖိတ်ခေါ်သွားပါမယ်။ ပြီးရင်တော့ ကျွန်တော့်ရဲ့ခြံထဲမှာ ကျွန်တော်တို့ရဲ့အောင်ပွဲခံအခမ်းအနားလေး လုပ်သွားမယ်”လို့ ပြောပါတယ်။

အသက်-၅၇ နှစ်အရွယ် နည်းပြဟောင်းက လာမယ့်နွေရာသီမှာကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝေဖန်ထိုးနှက်ခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ပရိသတ်မဟုတ်တဲ့ ကလော့ပ်က ဘောလုံးလောကအတွက် အန္တရာယ်ရှိနိုင်တဲ့ပြိုင်ပွဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက “ အသုံးမဝင်တဲ့ပြိုင်ပွဲလို့ပဲ ကျွန်တော်ထင်ပါတယ်။ နွေရာသီအားလပ်ရက်ကာလပျောက်ဆုံးသွားမှုက အကူအညီမဖြစ်စေပါဘူး။

ဒီပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ဘယ်သူဖြစ်ဖြစ် သမိုင်းတလျှောက် သနားစရာအကောင်းဆုံးချန်ပီယံလို့ သတ်မှတ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ နွေရာသီကာလတလျှောက်လုံး ယှဉ်ပြိုင်ကစားရပြီး နောက်ပိုင်းမှာလည်း လိဂ်ဘောလုံးရာသီသစ် စတင်ပါတော့မယ်။ အခုကို ဥရောပဘောလုံးလောကမှာ ဒဏ်ရာပြဿနာတွေ အများကြီးရှိနေပါပြီ။

ကျွန်တော်တို့က ပွဲစဉ်အရေအတွက်တွေ လျှော့ချပေးသွားဖို့ လိုအပ်ပါတယ်။ ဒါက တချို့လိဂ်တွေမှာ ပြိုင်ပွဲဝင်ကလပ်အသင်း ၂၀ အစား ၁၈ ခုသာထားရှိတာ ပိုကောင်းမယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါက အခြားပြိုင်ပွဲတွေဖန်တီးပြီး ပွဲတွေ ထပ်မတိုးပါနဲ့တော့လို့ အဓိပ္ပါယ်ရပါတယ်”လို့ ပြောပါတယ်။