နွေရာသီမှာ နာပိုလီကနေ ထွက်ခွာဖို့ အလားအလာများနေတဲ့ ခဗာရက်စ်ခီလီယာ
နာပိုလီအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ခဗာရက်စ်ခီလီယာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာပဲ အသင်းကနေထွက်ခွာနိုင်ချေရှိတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ မာနူနာဂျူဂျီလီက အတည်ပြုပြောကြားလာခဲ့ပါတယ်။
နာပိုလီအနေနဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုတွေရလာခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။ မကြာသေးမီက နာပိုလီဟာ ကစားသမားကို စာချုပ်သက်တမ်းတိုးမြှင့်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ထွက်ခွာဖို့သာ အလားအလာများလာခဲ့တာဖြစ်ပါတယ်။
ဂျော်ဂျီယာလက်ရွေးစင်ကစားသမားနဲ့ ပတ်သက်ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူက “သူ့နဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကလပ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ သိရပါမှာပါ။ တကယ်လို့ အခြားကလပ်ခုခုက မငြင်းဆန်နိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ချိတ်ဆက်လာမယ်ဆိုရင်တော့ အသင်းကနေ ထွက်ခွာသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ နာပိုလီအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေတာကြောင့် လက်ရှိအချိန်မှာ အသင်းကနေ ထွက်ခွာမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကြီးကြီးမားမားနဲ့ ထွက်ခွာရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ကစားသမားအတွက် နာပိုလီက လိုချင်နေတဲ့ ဈေးနှုန်းကို တရားဝင်ထုတ်ဖော်သတ်မှတ်ထားခြင်းမရှိသေးပါဘူး။
နာပိုလီအနေနဲ့ ခဗာရက်စ်ခီလီယာအတွက် ဘယ်လောက်အထိ တောင်းဆိုနိုင်မလဲလို့ မေးမြန်းခဲ့ရာ အေးဂျင့်က “ကျွန်တော့်အနေနဲ့ တိကျတဲ့ပမာဏကိုတော့ မပြောနိုင်သေးပါဘူး။ ဒါက အသင်းနဲ့ပဲဆိုင်ပါတယ်။ ကစားသမားရဲ့ စာချုပ်စာတမ်းနဲ့ အလုပ်ကိစ္စတွေပဲ ကျွန်တော်နဲ့ဆိုင်တာပါ။ မေလကုန်ရင်တော့ အားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားမယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဂျူဗင်တပ်စ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ နာပိုလီဟာ လက်ရှိအချိန်မှာတော့ တိုရီနိုနဲ့ကစားမယ့် ပွဲစဉ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံတွေဟာ ဒီရာသီစီးရီးအေ အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာမှာသာ ရပ်တည်ထားနိုင်ပြီး ပဉ္စမနေရာက အတ္တလန္တာနဲ့ ၃ မှတ်ကွာဟနေပါတယ်။