
The network connection is lost.

ဂျူဗင်တပ်စ်ဟာ ဘို့လော့ဂ်နာနည်းပြ သီယာဂိုမော့တာကို အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ မက်စီမီလီယာနိုအယ်လီဂရီရဲ့နေရာမှာ အစားထိုးခန့်အပ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ “ဂျူဗင်တပ်စ်ဟာ သီယာဂိုမော့တာကို ပထမအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး အခုလို ကြေညာရတဲ့အပေါ် အလွန်ဝမ်းမြောက်မိပါတယ်။ အသင်းအနေနဲ့ မော့တာကို ၂၀၂၇ ခုနှစ်၊ ဇွန်လအထိစာချုပ် ချုပ်ဆိုခဲ့ပြီး သဘောတူညီမှုလက်မှတ်လည်း ရေးထိုးပြီးဖြစ်ပါတယ်” လို့ဖော်ပြထားပါတယ်။
အတ္တလန္တာကို အနိုင်ရခဲ့တဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲစဉ်အပြီးမှာ ဂျူဗင်တပ်စ်ဟာ နည်းပြ အယ်လီဂရီကို အသင်းကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့ပြီး ဘိုလော့ဂ်နာကလည်း စီးရီးအေပြိုင်ပွဲ မပြီးဆုံးခင်မှာပဲ မော့တာကို သက်တမ်းတိုးမှာ မဟုတ်တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။
ဂျူဗင်တပ်စ်နည်းပြသစ် ဖြစ်လာပြီးနောက် မော့တာက “ဂျူဗင်တပ်စ်လို ကြီးကျယ်ခမ်းနားတဲ့ အသင်းကြီးတစ်သင်းနဲ့ အခုလိုလက်တွဲရတဲ့အပေါ် အရမ်းဝမ်းသာမိပါတယ်။ အသင်းပိုင်ရှင်နဲ့ စီမံခန့်ခွဲသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အသင်းကို ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း အမြင့်ဆုံးမှာထားသွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အသက်-၄၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မော့တာဟာ ဘိုလော့ဂ်နာကို ၁၉၆၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မော့တာဟာ သူ့ရဲ့နည်းပြဘဝကို ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့ပြီး ဂျီနိုအာကို ကိုင်တွယ်ခဲ့ပေမယ့် ၂ လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ထို့နောက် ၂၀၂၁-၂၂ ဘောလုံးရာသီမှာတော့ မော့တာဟာ စပီဇီယာကို ထပ်မံကိုင်တွယ်ခဲ့ပါတယ်။
ဘရာဇီးနွယ်ဖွား အီတလီလက်ရွေးစင် ကစားသမားဟောင်းဟာ ကစားသမားဘဝမှာလည်း ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့မှာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။၂၀၀၉-၂၀၁၀ ခုနှစ်ဘောလုံးရာသီမှာ မော့တာဟာ မော်ရင်ဟိုရဲ့လက်အောက်မှာကစားရင်း အင်တာမီလန်နဲ့အတူ သမိုင်းဝင်ဖလား ၃ လုံးအောင်မြင်မှုကို ဆွတ်ခူးခဲ့ဖူးပါတယ်။