The network connection is lost.

Banner Image

အေစီမီလန်သို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတဲ့ ဂျာအိုဖီးလစ်

ချဲလ်ဆီးအသင်းရဲ့ဘယ်တောင်ပံကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ ဆောင်းရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာပဲ အီတလီစီးရီးအေကလပ် အေစီမီလန်သို့ ယာယီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ အက်သလက်တီကိုမှ ချဲလ်ဆီးသို့ ပေါင် ၄၅ သန်းဝန်းကျင်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အပြန်အလှန်အနေနဲ့ချဲလ်ဆီးဟာ အသင်းရဲ့အကယ်ဒမီထွက်ကွင်းလယ်လူ ကော်နာဂယ်လာဟာကို စပိန်ကလပ်ထံ ပေါင် ၃၃ သန်းနဲ့ရောင်းချခဲ့ရပါတယ်။ 

ဖီးလစ်ဟာ ၂၀၂၂-၂၃ ဒုတိယရာသီဝက်မှာလည်း ချဲလ်ဆီးသို့ ၆ လတာအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ဖူးပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ အက်သလက်တီကိုသို့ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ သို့သော်လည်း နည်းပြအန်ဇိုမာရက်စ်ကာရဲ့ဦးဆောင်မှုနဲ့အတူ ချဲလ်ဆီးဟာ ဖီးလစ်ကို အပြီးသတ်ဝယ်ယူခဲ့ပြီး အသင်းမှာဆက်လက်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

မာရက်စ်ကာရဲ့လက်အောက်မှာ ဖီးလစ်ဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့တော့ ရုန်းကန်နေရပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ၂ ပွဲသာပွဲထွက်ပါဝင်ကစားခွင့်ရထားခဲ့ပါတယ်။ အီတလီသားဟာ ဖီးလစ်ကို ယူရိုပါကွန်းဖရန့်လိဂ်နဲ့ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာသာ အဓိကထားပြီးအသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ 
ဖီးလစ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းသစ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေခဲ့တာကြောင့် ယခုအခါမှာတော့ စတန်းဖို့ဒ်ဘရစ်ချ်ကနေထွက်ခွာပြီး အေစီမီလန်နဲ့ချိတ်ဆက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီသားကို ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့သေးပေမယ့် ချဲလ်ဆီးကတော့ အေစီမီလန်နဲ့သာ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဖီးလစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက မီလန်သို့ရောက်ရှိနေခဲ့တယ်လို့သိရပြီး ကစားသမားဟာ အေစီမီလန်နဲ့ အင်တာမီလန်တို့ယှဉ်ပြိုင်ခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်ကိုလည်း ကြည့်ရှုခဲ့ပါသေးတယ်။ အဆိုပါပွဲစဉ်မှာ မန်စီးတီးမှ အေစီမီလန်သို့ပြောင်းရွှေ့လာခဲ့တဲ့ ကိုလ်ဝေါ်လ်ကာကလည်း အသင်းသစ်အတွက် ပွဲဦးထွက်စတင်ပါဝင်ကစားခဲ့ပါတယ်။