
မန်စီးတီးရဲ့ပြိုလဲမှုက အကြိမ်ကြိမ်ဖြစ်နေတယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ ဂျက်ဂရီးလစ်ရှ်
ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျက်ဂရီးလစ်ရှ်က မန်စီးတီးရဲ့အခုဘောလုံးရာသီပြိုလဲမှုတွေကို ရှင်းပြပေးနိုင်ဖို့ ခက်ခဲနေပါပြီလို့ ဝန်ခံခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ ပက်ဂွါဒီယိုလာရဲ့အသင်းက ဒုတိယပိုင်းပွဲချိန်အတွင်း ပြိုင်ဘက်ကို နှစ်ဂိုးပြတ်အထိ ဦးဆောင်နိုင်ပြီးမှ လေးဂိုးပြန်ပေးရကာ ရှုံးနိမ့်ခဲ့တာပါ။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့်-၂၅ နေရာအထိ ကျဆင်းသွားပြီး ပြိုင်ပွဲမှတိုက်ရိုက်ထွက်ခွာရဖို့ နီးစပ်လာခဲ့ပါတယ်။ ဂရီးလစ်ရှ်ကတော့ အခုဘောလုံးရာသီ၊ ပွဲစဉ်အများစုမှာ အနိုင်ရရှိနေတဲ့အခြေအနေကို ထိန်းသိမ်းထားနိုင်ခြင်းပုံစံဟာ မန်စီးတီးအသင်းရဲ့မှတ်တမ်းဆိုးတစ်ခုလို ဖြစ်လာပြီး အခုလိုရလဒ်တွေနဲ့ ရင်ဆိုင်လာရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးမီဘောလုံးရာသီတွေအတွင်း မန်စီးတီးအသင်းရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ပုံစံကောင်းတွေကြောင့် ယုံကြည်မှုပိုင်းဟာလည်း အဓိကကျတဲ့ အချက်တစ်ခုဖြစ်နေမလားဆိုပြီး တောင်ပံကစားသမားက မေးခွန်းထုတ်ခဲ့ပါတယ်။
TNT Sports နဲ့တွေ့ဆုံချိန် ဂရီးလစ်ရှ်က “ ကျွန်တော်လည်း မသိတော့ပါဘူးဗျာ။ များသောအားဖြင့် အခုလိုအခိုက်အတန့်တွေမှာ ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်နေခဲ့ပါတယ်။ ဒီရာသီမှာ အခုလိုပြိုလဲကျမှုတွေက အကြိမ်များစွာဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့တွေ တစ်ဂိုး၊ နှစ်ဂိုးလောက် အသာစီးရသွားမယ်။ ဖီယင်နုနဲ့ပွဲစဉ်မှာဆို သုံးဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပွဲကိုမထိန်းချုပ်နိုင်ဘဲ အခုလိုရလဒ်တွေ ထွက်ပေါ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။
အရင်ဘောလုံးရာသီတွေတုန်းကတော့ အခုလိုအခိုက်အတန့်မျိုးမှာ ကျွန်တော်တို့အသင်းက အရမ်းကောင်းမွန်ခဲ့လို့ လက်ရှိအခြေအနေကတော့ ထူးဆန်းနေပါတယ်။ ယုံကြည်မှုပိုင်းကလည်း အဓိကအချက်တစ်ခုဖြစ်မလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ခရစ္စမတ်မတိုင်ခင်ကာလအထိ ကျွန်တော်တို့ရှိနေရမယ့်အဆင့်အတန်းမျိုးမှာ မရှိနေခဲ့ပါဘူး။ ဒီလိုအရာတွေကို ပြုပြင်ပြောင်းလဲပစ်ဖို့နဲ့ လာမယ့်သီတင်းပတ်ပွဲစဉ်မှာ အနိုင်ရလဒ်ဖော်ဆောင်ဖို့ ကျွန်တော်တို့ဆီမှာပဲ တာဝန်ရှိပါတယ်။ ကွင်းတွင်းမှာ ဘောလုံးကို ထိန်းကစားနိုင်စွမ်းရှိတဲ့ ကစားသမားကောင်းတွေ အသင်းမှာရှိပါတယ်။ လတ်တလောမှာ ကျွန်တော်တို့တွေ အဲ့ဒီအရာကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့နဲ့ပဲ သက်ဆိုင်ပါတယ်။
ပီအက်စ်ဂျီအသင်းကိုတော့ အသိအမှတ်ပြုပါတယ်။ သူတို့တွေ ခွန်အားအပြည့်နဲ့ ကြိုးစားကစားခဲ့တာပါ။ ကျွန်တော်ထင်ထားခဲ့တာထက်တောင် သူတို့တွေ အများကြီးပိုကောင်းခဲ့ပါတယ်။ အဆိုးမြင်တာမျိုးတော့ မဟုတ်ပါဘူး။ သူတို့က ထိပ်တန်းကလပ်အသင်းတစ်ခုဖြစ်ပြီး အနိုင်ရလဒ်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်”လို့ ပြောပါတယ်။ လတ်တလောမှာ ပရီးမီးယာလိဂ်ချန်ပီယံတွေက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အုပ်စုအပိတ်ပွဲစဉ်အဖြစ် ဘရုဂျက်ကို ဧည့်ခံကစားရချိန်မှာ အနိုင်ရလဒ်မဖြစ်မနေဖော်ဆောင်သွားနိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။
ဂရီးလစ်ရှ်က “လတ်တလောဘောလုံးရာသီတွေမှာ အခုလိုအရေးကြီးတဲ့ပွဲစဉ်တွေကို ကျွန်တော်ကစားခဲ့ဖူးပါတယ်။ ပွဲကြီးပွဲကောင်းလည်းဖြစ်လို့ တည်ငြိမ်မှုရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဘရုဂျက်က အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ပဲ သက်ဆိုင်သွားပါပြီ။ ကျွန်တော်တို့ကလည်း အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင် အရမ်းကောင်းအောင် ကစားနိုင်ပါတယ်။ သီတင်းပတ်ကုန်၊ ချဲလ်ဆီးနဲ့ပွဲစဉ်အတွက် ပြင်ဆင်ပြီးရင်တော့ ဒီပွဲစဉ်အပေါ်မှာ လုံးဝကို အာရုံစိုက်သွားပါမယ်”လို့ ဆက်ပြောပါတယ်။