၁၆ သင်းအဆင့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့ပြီးနောက် အင်္ဂလန်အနေနဲ့ ခြေစွမ်းကောင်းပြန်ရလာမယ်လို့ မျှော်လင့်နေတဲ့ အိုင်ဗန်တိုနေး
အင်္ဂလန်တိုက်စစ်မှူး အိုင်ဗန်တိုနေးက ပြီးခဲ့တဲ့ ယူရို ရှုံးထွက် ၁၆ သင်းအဆင့် ဆလိုဗက်ကီးယားနဲ့ ပွဲစဉ်မှာ မိနစ် ၉၀ ကျော်မှ ပါဝင်ကစားခွင့်ရတဲ့အတွက် အနည်းငယ်စိတ်ပျက်မိကြောင်းနဲ့ လာမယ့်ပွဲစဉ်တွေမှာတော့ အသင်းအနေနဲ့ ခြေစွမ်းကောင်းပြန်လည်ရရှိမယ်လို့ မျှော်လင့်ထားတာကြောင်း ပြောကြားလာခဲ့ပါတယ်။
ဆလိုဗေးနီးယားနဲ့ ပွဲစဉ်မှာ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ပွဲကစားချိန် မိနစ် ၉၀ ကျော်မှသာ ချေပဂိုးပြန်လည်ရရှိခဲ့တာကြောင့် ရှုံးပွဲနဲ့မကြုံတွေ့ခဲ့ရတာဖြစ်ပြီး အိုင်ဗန်တိုနေးကိုလည်း ပွဲပြီးကာနီး ၂ မိနစ်အလိုလောက်မှသာ စတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အိုင်ဗန်တိုနေးဝင်ရောက်လာပြီးနောက်မှာတော့ အင်္ဂလန်ဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက်ရရှိခဲ့ပြီး ဂျုဒ်ဘယ်လင်ဟမ်နဲ့ ဟယ်ရီကိန်းတို့က အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ယခုအခါမှာတော့ အသက်-၂၈ နှစ်အရွယ်အိုင်ဗန်တိုနေးက “ကစားသမားတွေကတော့ အသင်းအတွက် တတ်နိုင်သလောက် ပါဝင်ကစားချင်ကြတာပါပဲ။ ဒီပွဲမှာ နောက်ကျမှပါဝင်ခွင့်ရခဲ့ပေမယ့် ကျွန်တော့်အနေနဲ့ ကိုယ့်စိတ်ဓာတ်ကို တတ်နိုင်သလောက်ပြင်ဆင်ပြီး ရသလောက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ အသင်းကိုအကူအညီပေးနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်” “ဒါပေမယ့် ကျွန်တော်တို့လို ကစားသမားတွေက ကလပ်မှာ အပတ်တိုင်းလိုလိုကစားခွင့်ရခဲ့တော့ အခုလို အရန်ခုံမှာအကြာကြီးထိုင်နေရတာက အခက်အခဲဖြစ်စေပါတယ်။ ကျွန်တော်ကတော့ ကစားသမားဘဝအစမှာကတည်းက ဒီလမ်းကြောင်းကို စိတ်ရှည်ရှည်နဲ့လျှောက်လှမ်းခဲ့တာပါပဲ။ အခုလည်း အသင်းအတွက် ထပ်ကူညီနိုင်ဦးမယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တိုနေးက အင်္ဂလန်နဲ့အတူ ဂျာမနီသို့မလာခင်က ဘရန့်ဖို့ဒ်ရဲ့ အားကစားစိတ်ပညာရှင်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေအတွက် လေ့ကျင့်ခန်းတွေလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူးက “ဘရန့်ဖို့ဒ်မှာ မိုက်ကယ်ကော်ဖီးလ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူက စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ကို အမြဲတမ်းပြောလေ့ရှိပါတယ်။ ဒါကြောင့် အသင်းအတွက် ကစားခွင့်မရတဲ့အချိန်တွေမှာ ဒါက ငါ့ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ရမယ့်အချိန်ပဲလို့ ကိုယ့်ကိုယ်ကိုယ်သတိပေးခဲ့ပါတယ်” “လူစားဝင်လာရတဲ့အချိန်မှာ စိတ်ပျက်နေပေမယ့် နောက်ထပ် မိနစ် ၃၀ ဆက်ကစားရမယ်ဆိုတော့ ပွဲကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ ဗိုလ်လုပွဲရောက်ဖို့ ကျွန်တော်တို့ ၂ ပွဲပဲထပ်ကစားရတော့မှာဖြစ်လို့ ရေကုန်ရေခမ်းကြိုးစားသွားမှာဖြစ်ပြီး ကြိုးစားမှုက လုံလောက်မယ်လို့လည်းယုံကြည်ပါတယ်”
“ကျွန်တော့်မှာ ဒီအသင်းအတွက် ပေးဆပ်စရာတွေအများကြီး ရှိနေသေးတယ်လိုခံစားရပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ကစားခွင့်ရခဲ့တဲ့ မိနစ် ၃၀ အတောအတွင်းမှာလည်း ကျွန်တော့်ရဲ့ အခန်းကဏ္ဍကို အပြည့်အဝဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေမှာလည်း မျှော်လင့်ချက်တွေနဲ့ ထင်မြင်ယူဆချက်တွေအများကြီးရှိနေမှာပါ။ သူတို့က အသင်းကို တတ်နိုင်သလောက် ပိုကောင်းစေချင်ကြတာပါ။ ကျွန်တော်တို့ ၂-၀ နဲ့နိုင်ရင် ဘာလို့ ၃ ဂိုး၊ ၄ ဂိုးလောက်မသွင်းတာလဲလို့ ပြောကြပါလိမ့်မယ်။ ဒါကတော့ အမြဲတမ်းဖြစ်နေမယ့် ကိစ္စပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာရဖို့ နီးစပ်ခဲ့ပြီးမှ ပြန်လည်အနိုင်ရခဲ့လို့ ကစားသမားတွေအတွက် လှုံ့ဆော်မှုတွေပိုဖြစ်လာစေသလားလို့ မေးမြန်းခဲ့ရာ တိုနေးက “ဟုတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မိနစ်တိုင်းမှာ အိမ်ပြန်သွားရနိုင်တယ်ဆိုတဲ့ အသိစိတ်ဝင်လာပြီး ကြိုးစားဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ အသင်းရဲ့အဝတ်လဲခန်းထဲမှာလည်း ကျွန်တော်တို့ အခုကနေစတင်ဖို့လိုနေပြီဆိုတဲ့ စကားမျိုးပြောဖြစ်ကြပါတယ်။ အသင်းမှာ ပုံစံမျိုးစုံနဲ့ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိလို့ တစ်ခုခုကို လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အချိန်ပိုသွင်းဂိုးတွေနဲ့အတူ ကွာတားဖိုင်နယ်ကိုတက်ရောက်လာနိုင်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့အသင်းဟာ လက်ရှိချန်ပီယံ အီတလီကို ၂-၀ နဲ့ဖြုတ်ချခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။
တိုနေးက “ဒီပွဲကတော့ အတော်လေးခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ သူတို့မှာ အရည်အသွေးကောင်းတဲ့ကစားသမားတွေနဲ့ ခြေစွမ်းကောင်းရှိပါတယ်။ ကျွန်တော်တို့ လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားရမှာပါ။ အာရုံစူးစိုက်မှုအပြည့်နဲ့ယှဉ်ပြိုင်သွားဖို့လိုသလို၊ ပွဲထွက်ကစားသမား ၁၁ ဦးနဲ့ အရန်ကစားသမားတွေကလည်း နိုင်ပွဲရဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်ပြသသွားရပါမယ်။ ဆွစ်ဇာလန်နဲ့ပွဲက ကျွန်တော်တို့အတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်သလို သူတို့မှာ ကစားသမားကောင်းတွေအများကြီးရှိလို့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။