အန်းစလော့ရဲ့ အသင်းအပေါ် ကိုင်တွယ်အုပ်ချုပ်ပုံကို သဘောကျမိကြောင်း ပြောကြားလာတဲ့ ဗန်ဒိုက်
လီဗာပူးဗဟိုခံစစ်မှူး ဗာဂျယ်ဗန်ဒိုက်က နည်းပြ အန်းစလော့ရဲ့ အသင်းအပေါ် ကိုင်တွယ်အုပ်ချုပ်ပုံနဲ့ နည်းစနစ်တွေကို သဘောကျမိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယာဂင်ကလော့ပ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ စလော့ဟာ ပွဲဦးထွက်ရာသီမှာပဲ လီဗာပူးကို အကောင်းဆုံးဦးဆောင်ထားနိုင်ပြီး တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုးကို တောက်လျှောက်ဖော်ဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။
လီဗာပူးဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်ထားပြီး ဒုတိယနေရာကို ချဲလ်ဆီးကို ၄ မှတ်အထိဖြတ်တောက်ထားနိုင်သလို ချန်ပီယံလိဂ်အမှတ်ပေးဇယားကိုလည်း ရာနှုန်းပြည့်အနိုင်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။
ယခုအခါမှာတော့ Mirror Football နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဗန်ဒိုက်က စလော့ဟာ အသင်းရဲ့ကစားသမားတွေကို အိမ်ကွင်းပွဲစဉ်တွေမတိုင်မီ ကြားရက်တွေအတွင်းမှာ ဟော်တယ်တွေမှာ အိပ်စက်ခိုင်းခြင်းမရှိဘဲ မိမိရဲ့အိမ်မှာပဲ အိပ်စက်ကြဖို့ လမ်းညွှန်ထားကြောင်း ပြောကြားလာခဲ့ပြီး အဆိုပါညွှန်ကြားချက်ဟာ ကစားသမားတွေအတွက် ကောင်းမွန်တဲ့ စည်းကမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
နယ်သာလန်သားက “ဒီလိုလုပ်တာ ကစားသမားတွေအတွက် အရမ်းကောင်းပါတယ်။ အစပိုင်းမှာ ဒါက ကစားသမားရဲ့သဘောထားအပေါ်မူတည်ပေမယ့် အခုတော့ စည်းကမ်းတစ်ခုလိုဖြစ်နေပါပြီ။ ကျွန်တော်တစ်ယောက်တည်း အမြင်အရပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်ပိုင်အိပ်ရာမှာ မိသားစုနဲ့အတူတူ အိပ်စက်တာက အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ ပြီးတော့ ဒါက အလုပ်လုပ်ဖို့အတွက် ကောင်းမွန်တဲ့ခံစားချက်ကို ရရှိစေပါတယ်။ ဒါပေမယ့် ဒီလိုတွေမလုပ်ခင်ကလည်း ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ လိုအပ်ချက်တွေမရှိခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗန်ဒိုက်က “ကျွန်တော် ဒီအသက်အရွယ်မှာတော့ တတ်နိုင်သလောက် အိမ်မှာနေရတာကိုပဲ ပိုကြိုက်ပါတယ်။ ပြီးတော့ကြံ့ခိုင်မှုပြန်လည်တည်ဆောက်တဲ့အခါတွေမှာလည်း အိမ်မှာက ပိုပြီးတော့ အဆင်ပြေပါတယ်။ရေကူးကန်၊ ရေနွေးကန်၊ ရေခဲကန် ဒါတွေကိုသွားတာထက် အိမ်မှာနေတာက ကျွန်တော့်အတွက် ပိုပြီးတော့ ကြံ့ခိုင်မှုရစေပါတယ်။ ဒါကြောင့် အခုလို နည်းပြရဲ့စည်းကမ်းချက်အသစ်တွေက ကျွန်တော့်အတွက်တော့ ပိုကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်သောကြာနေ့နံနက်မှာတော့ လီဗာပူးဟာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် လက်စတာကို အန်ဖီးလ်မှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်ဖို့ကြိုးစားသွားရပါမယ်။