လုယက်သူတွေရဲ့တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတင်ခဲ့ရတဲ့ အီတလီဂန္ထဝင် ဘက်ဂီယို
အီတလီဂန္ထဝင် ဘက်ဂီယိုတစ်ယောက် ကြာသပတေးနေ့ညနေခင်းတုန်းက စပိန်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အိမ်အတွင်း လုယက်သူတွေရဲ့တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၅၇ နှစ်သားဟာ မိသားစုနဲ့အတူ ဗီလာမှာနေထိုင်နေစဉ် လက်နက်ကိုင် ၅ ယောက်ရဲ့တိုက်ခိုက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဘက်ဂီယိုဟာ သူနဲ့ သူ့မိသားစု အခန်းထဲမဝင်ခင်မှာ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဦးခေါင်းပိုင်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ အီတလီသတင်းဌာန ဒဲလ်ဗီနီတိုကတော့ လုယက်သူတွေဟာ မိနစ် ၄၀ ကြာ ဘက်ဂီယိုရဲ့အိမ်ထဲမှာ မွှေနှောက်ခဲ့ပြီး နာရီတွေ ၊ ပိုက်ဆံတွေအပြင် လက်ဝတ်ရတနာတွေကိုပါ ခိုးယူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
လုယက်သူတွေထွက်ခွာသွားပြီးနောက် ဘက်ဂီယိုဟာ ရဲတွေထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ဦးခေါင်းဒဏ်ရာကို Arzignano ဆေးရုံမှာတင်ခဲ့တယ်လို့ သိရပါတယ်။ အခြားမိသားစုဝင်တွေကတော့ လုယက်သူတွေကြောင့် တုန်လှုပ်ခဲ့ပေမယ့် အခြားထိခိုက်ဒဏ်ရာတော့ မရခဲ့ဘူးလို့ သိရပါတယ်။
ဘက်ဂီယိုဟာ အသက် ၃၄ နှစ်အရွယ် အန်ဒရီနာကို လက်ထပ်ထားတာဖြစ်ပြီး ကလေး ၃ ယောက်ရှိနေပါတယ်။ အီတလီသားဟာ ဖီအိုရင်တီးနား ၊ ဂျူဗင်တပ်စ် ၊ အေစီမီလန်နဲ့ အင်တာမီလန်တို့မှာ ကစားခဲ့တာဖြစ်ပြီး အီတလီသမိုင်းတစ်လျှောက်အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
စီးရီးအေမှာ ဘက်ဂီယိုတစ်ယောက် ၂၀၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အီတလီအတွက်တော့ ၅၆ ပွဲ ပါဝင်ကစားခဲ့ကာ ၁၉၉၀ ကမ္ဘာ့ဖလားမှာ တတိယနေရာနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားဖိုင်နယ်အဖြစ် ဘရာဇီးနဲ့ပွဲမှာ ပင်နယ်တီလွဲချော်မှုက ဘက်ဂီယိုအတွက် ကျော်ကြားတဲ့ပင်နယ်တီ လွဲချော်မှုဖြစ်ခဲ့ပါတယ်။
အခုလအစောပိုင်းတုန်းက ဘက်ဂီယိုဟာ ယူရို ၂၀၂၄ မတိုင်ခင် အီတလီအသင်းနဲ့ တွေ့ဆုံခဲ့သေးတာဖြစ်ပါတယ်။ အီတလီဟာ စပိန်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အုပ်စု (B) ရဲ့အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး တနလာၤနေ့မှာ ခရိုအေးရှား အသင်းနဲ့ဖိုင်နယ်အုပ်စုပွဲကန်ရမှာဖြစ်ပါတယ်။