The network connection is lost.

Banner Image

ယာဂန်ကလော့ပ်နေရာဆက်ခံသူအဖြစ် အန်းစလော့ကိုရွေးချယ်ခြင်းရဲ့လျှို့ဝှက်ချက်အကြောင်း ဖွင့်ဟလာတဲ့ လီဗာပူးအသင်းဥက္ကဋ္ဌ

လီဗာပူးအသင်းဥက္ကဋ္ဌတွမ်ဝါနာက ယာဂန်ကလော့ပ်ရဲ့နေရာဆက်ခံသူအဖြစ် အန်းစလော့ကိုခန့်အပ်ခြင်းရဲ့ နောက်ကွယ်လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ နွေရာသီရောက်ရှိလာရင် အသင်းမှထွက်ခွာမယ်ဆိုတဲ့ ဂန္တဝင်နည်းပြကြီးယာဂန်ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာချိန် ကြိုးကြာနီတွေက နည်းပြသစ်တစ်ဦးခန့်အပ်နိုင်ဖို့ ဈေးကွက်မှာ လှုပ်ရှားလာခဲ့ပါတယ်။ မာဆေးဆိုဒ်ရဲ့အထင်ကရပုဂ္ဂိုလ်တစ်ဦးက သူ့ရဲ့စာချုပ်သက်တမ်းကို အချိန်တိုလေးအတွင်းမှာပဲ ရပ်တန့်ပစ်လိုက်ဖို့ ရွေးချယ်ခဲ့မှုလည်း ဖြစ်ပါတယ်။

လီဗာပူးက နာမည်ကြီးနည်းပြတွေကို တာဝန်ပေးအပ်ဖို့ထက် နောက်ဆုံးသုံးနှစ်အတွင်း နယ်သာလန်လိဂ်ကလပ်အသင်း ဖီယင်နုနဲ့အတူ အစွမ်းပြနိုင်ခဲ့တဲ့ ဒတ်ချ်နည်းဗျူဟာမှူး အန်းစလော့ကို သူတို့အသင်းဆီ အရခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက်-၄၆ နှစ်အရွယ်နည်းပြဆီမှ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာ လူနည်းစုသာ သိရှိခဲ့တယ်ဆိုပေမယ့် အခုအချိန်မှာတော့ အန်းစလော့က အန်းဖီးလ်ကွင်းပွဲဦးထွက်ရာသီမှာတင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်ပြပြီးပါပြီ။ အသင်းနည်းပြပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကြီးနှစ်ခုကို လီဗာပူးအသင်း ဘယ်လိုပုံစံမျိုးနဲ့ ပြုလုပ်ခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ The Times သတင်းစာနဲ့တွေ့ဆုံချိန် ဝါနာက “ လီဗာပူးမှာဆိုရင် ကျွန်တော်ကတော့ FSG ဥက္ကဋ္ဌမိုက်ဂေါ်ဒွန်ကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သူ့ရဲ့ဉာဏ်ပညာမှတဆင့် အကျိုးအမြတ်တွေ အများကြီးရရှိခဲ့လို့ပါ။ ပြီးတော့ ကျွန်တော်တို့မှာ ဘီလီဟိုဂန်ဆိုတဲ့ အမှုဆောင်အရာရှိချုပ်ကောင်းတစ်ယောက်လည်း ရှိပါတယ်။ အစောပိုင်းအမှားတချို့နဲ့ ပတ်သက်လို့ အရေးမကြီးဘူးလို့ မဆိုလိုချင်ပေမယ့် ၂၀၁၅ ခုနှစ်မှာ ယာဂန်ကလော့ပ်ကို နည်းပြသစ်အဖြစ် ပွဲထုတ်လာနိုင်မှုကြောင့် အသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီနောက်မှာ ယာဂန်ကလော့ပ်အတွက် မိုက်ကယ်အက်ဒ်ဝက် [Chief Executive of Football]နဲ့ အလုပ်တွဲလုပ်ဖို့ အခွင့်အလမ်းတစ်ရပ် ရှိလာခဲ့ပါတယ်။ ယာဂန်ကလော့ပ် ရာထူးနုတ်ထွက်ချိန်မှာလည်း ကျွန်တော်တို့ အတော်လေးစိတ်ပျက်မိပေမယ့် ဒါက ခက်ခဲကြမ်းတမ်းတဲ့အလုပ်တစ်ခုဖြစ်လို့ နားလည်ပေးနိုင်ခဲ့ပါတယ်။ ယာဂန်ကလော့ပ်ရဲ့ဆုံးဖြတ်ချက်က ကလပ်အတွက်ရော၊ ကာယကံရှင်အတွက်ပါ အကောင်းဆုံးဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ရာနှုန်းပြည့်ယုံကြည်ခဲ့ပါတယ်။

အန်းစလော့ကိုတော့ ဦးစားပေးရွေးချယ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကတော့ ရစ်ချတ်ဟုဂျ် [အားကစားဒါရိုက်တာ]နဲ့ မိုက်ကယ်အက်ဒ်ဝက်တို့ရဲ့ အိမ်စာကျေမှုပဲ ဖြစ်ပါတယ်။ သိသာထင်ရှားလှတဲ့ ဦးစားပေးရွေးချယ်မှုတစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်ကို အရည်အချင်းရှိသူတွေနဲ့ ဝန်းရံထားနိုင်မယ်ဆိုရင် ကျိန်းသေပေါက် အောင်မြင်နိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။ လီဗာပူးအသင်းရဲ့ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ် ဆက်လက်ကြီးထွားနေမှုနဲ့အတူ အသင်းပရိသတ်အင်အားလည်း တစ်ဘီလျံဆိုတဲ့ပမာဏအထိ ချဉ်းကပ်လာနိုင်မယ်လို့ တွမ်ဝါနာက ယုံကြည်နေပါတယ်။ သူက “ လီဗာပူးရဲ့ကမ္ဘာလုံးဆိုင်ရာစွဲဆောင်နိုင်မှုကို ကျွန်တော်တို့အားလုံး သဘောပေါက်ထားပါတယ်။ ပရီးမီးယားလိဂ်မှာ အင်အားကောင်းလာမှုနဲ့အတူ အသင်းရဲ့ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့ရောက်ရှိနိုင်စွမ်းကလည်း မြင့်မားလာပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းက ရုပ်သံမှတဆင့်ကြည့်ရှုသူအရေအတွက် သန်း ၅၀၀ ကျော်ရရှိတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ်ကလပ်အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ကျွန်တော်တို့အသင်းအတွက် ဆိုရှယ်မီဒီယာ Engagements ဆိုရင်လည်း ၁ ဒဿမ ၇ ဘီလျံအထိ ရှိခဲ့ပါတယ်။ ဒါက ထူးခြားတဲ့အရေအတွက် မဟုတ်ပေမယ့် ကြီးမားတဲ့ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။

အမေရိကန်အတော်များများက ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်နိုင်စွမ်းကို သိပ်ပြီး သဘောမတွေ့ကြပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ လီဗာပူးအသင်းရဲ့ Follower အရေအတွက် တစ်ဘီလျံအထိ ရှိလာလိမ့်မယ်လို့လည်း ယူဆမိပါတယ်။ ဒီနေရာမှာ ပရိသတ်တွေနဲ့ ထူးခြားတဲ့ဆက်သွယ်မှုတစ်ခု ရှိပါတယ်။ အန်ဖီးလ်ကွင်းပွဲစဉ်တွေမှာ YNWA ကို ဆိုလိုက်ချိန် ဒီဆက်သွယ်မှုကို ခံစားမိပါလိမ့်မယ်။ ဒါက လေးနက်ပြီး စိတ်ပိုင်းဆိုင်ရာခံစားမှုမျိုး ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လီဗာပူးအသင်းက အက်ဖ်အေဖလားချန်ပီယံခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်၊ ဘုန်းမောက်နဲ့ သြဂုတ် ၁၅ ရက်၊ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် အာရှဒေသမှာ ရာသီကြိုကာလကုန်ဆုံးဖို့ စီမံဆောင်ရွက်ထားပါတယ်။