
အခွင့်အရေးကို ဆုပ်ကိုင်ဖို့က ဒေါ်ဂူရဲ့တာဝန်သာဖြစ်တယ်လို့ တိုက်တွန်းပြောကြားလာတဲ့ ဒိန်းမတ်နည်းပြ
ဒိန်းမတ်လက်ရွေးစင်နည်းပြ ဘရိုင်ယန်ရီမာက လက်ချီကနေ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်နောက်ခံလူ ပက်ထရစ်ဒေါ်ဂူအနေနဲ့ လက်ရွေးစင်အသင်းမှာ နေရာရဖို့က အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှုပေါ်မှာသာ မူတည်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လက်ချီမှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၂၅ သန်း+အပိုဆုကြေး ၄ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဒေါ်ဂူဟာ မကြာမီမှာပဲ အသင်းသစ်အတွက်စတင်ပွဲထွက်ကစားခွင့်ရတော့မှာဖြစ်ပြီး အခွင့်အရေးကို အသုံးချသွားနိုင်ဖို့ လိုအပ်နေပါတယ်။
ဒိန်းမတ်နည်းပြ ရီမာက သူ့အနေနဲ့ အသင်းရဲ့လက်ရွေးစင်ကစားသမားတွေကို ယူနိုက်တက်မှာ မြင်တွေ့ခွင့်ရတာ ဝမ်းသာကြောင်းပြောကြားလာခဲ့ပေမယ့် ယူနိုက်တက်မှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေနဲ့ ဖိအားတွေကိုတော့ သတိထားကိုင်တွယ်နိုင်ဖို့လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ရီမာက ဒေါ်ဂူတစ်ယောက် နိုင်ငံ့အသင်းဖော် ဟွိုက်လန်းနဲ့ အတူတူရှိနေမယ့်အပေါ် ဝမ်းသာမိတယ်လို့ဆိုပါတယ်။
ရီမာက “ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်မှာ ဒိန်းမတ်ပါရမီရှင်ကစားသမားတွေဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ ပက်ထရစ်ဒေါ်ဂူတို့ကို အတူတူမြင်တွေ့ခွင့်ရတာ နိုင်ငံအသင်းအတွက် ကြီးမားတဲ့တွန်းအားတစ်ခုပါပဲ။ လက်ချီကနေ ယူနိုက်တက်လိုအသင်းကိုပြောင်းရွှေ့ရချိန်မှာ ဖိအားတွေနဲ့ ပရိသတ်မျှော်လင့်ချက်တွေက ဘယ်လောက်အထိ ကွာခြားမှုရှိသလဲဆိုတာကို ဒေါ်ဂူသိထားဖို့တော့လိုပါတယ်”
“သူက ပရိသတ်တွေနဲ့ အပေးအယူမျှတဲ့ကစားသမားမျိုးတော့ဟုတ်ပါဘူး။ သူ့အနေနဲ့ ကစားသမားဘဝနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့ ကြီးမားတဲ့အခွင့်အရေးရှိနေပါတယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးကိုဆုပ်ကိုင်ဖို့ကတော့ သူ့အပေါ်မှာပဲမူတည်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။ လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် နစ္စတယ်ရွိုင်းရဲ့လက်စတာကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒေါ်ဂူအနေနဲ့ ယူနိုက်တက်ကစားသမားဘဝပွဲဦးထွက်အဖြစ် အဆိုပါပွဲစဉ်မှာ ပါဝင်ကစားလာနိုင်ချေရှိပါတယ်။