
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်တာမီလန်အသင်းနည်းပြရာထူးအတွက် အတည်ပြုချက်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆီမြွန်နီအင်ဇာဂီ
နာကျင်ဖွယ်ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးနိမ့်မှုတစ်ခုအပြီး အယ်လ်ဟီလယ်ရဲ့မက်လောက်စရာစွဲဆောင်မှုနဲ့အတူ ဇွန် ၁၈ ရက်မှာ စတင်တော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းအတွက် အင်တာမီလန်နည်းပြအဖြစ် ဆီမြွန်နီအင်ဇာဂီကို မြင်တွေ့ရဖို့တောင် မသေချာတော့ပါဘူး။
အင်တာမီလန်က နောက်ဆုံးသုံးနှစ်အတွင်း ဒုတိယအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီကို ငါးဂိုးပြတ်ရှုံးနိမ့်ကာ ဆုဖလားအောင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြဘဝသက်တမ်းမှာ ပထမဆုံးအကြိမ်ဆုဖလားလက်မဲ့ဘောလုံးရာသီနဲ့ ကြုံတွေ့ခဲ့ရတဲ့ အင်ဇာဂီအတွက် အသင်းနဲ့အတူ လေးနှစ်ကြာဖြတ်သန်းမှုကို ရပ်တန့်ပစ်လိုက်ဖို့ နီးစပ်လာနေပါတယ်။
ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်ရဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၃၀ တန်ကမ်းလှမ်းမှုကို ဆီမြွန်နီအင်ဇာဂီလက်ခံသွားရန် စဉ်းစားနေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ထားမှုနဲ့အတူ မြူးနစ်မြို့ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း သူ့ရဲ့စကားလုံးတွေကြောင့် ဒီယူဆချက်က ပိုမိုခိုင်မာလာခဲ့ပါတယ်။ အမေရိကန်မှာကျင်းပမယ့်ပြိုင်ပွဲအတွက် အင်တာမီလန်အသင်းအရန်ခုံတန်းမှာ ရှိနေဖို့ ရာနှုန်းပြည့်အာမခံနိုင်မလားဆိုတဲ့မေးခွန်းကို ဆီမြွန်နီအင်ဇာဂီက “ ဒီလိုမေးခွန်းမျိုးကို ဘယ်လိုပြန်ဖြေပေးရမလဲဆိုတာတောင် မသိတော့ပါဘူး။ အရမ်းနာကျင်ရတဲ့ ရှုံးနိမ့်မှုတစ်ခုအပြီး လေးစားမှုနဲ့ ယဉ်ကျေးတဲ့စရိုက်လက္ခဏာကိုပြသဖို့ ဒီနေရာဆီ ကျွန်တော်ရောက်ရှိလာခဲ့တာပါ။
ရှုံးနိမ့်မှုတွေမှတဆင့် အသင်းတွေက ပိုအားကောင်းလာကြပါတယ်။ ဒါတွေပြောနေရတာ ဖန်တရာတေနေပြီလို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒါအမှန်တရားပါပဲ။ အတိတ်မှာ ကျွန်တော်တို့ကိုယ်တိုင် စကူဒက်တိုချန်ပီယံဆုနဲ့အတူ ဒီစကားကို သက်သေပြခဲ့ပြီးပါပြီ။ ဒီညမှာ စိတ်ပျက်စရာတွေရှိခဲ့ပေမယ့် ခေါင်းမော့ရင်ကော့ပြီး အောင်ပွဲနဲ့ထိုက်တန်တဲ့ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သိထားရပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဒီနောက်မှာ အယ်လ်ဟီလယ်နဲ့ သဘောတူညီမှုရရှိထားပြီဆိုတဲ့ ကောလဟာလတွေကို ဖြေရှင်းပေးရင်း အနာဂတ်အတွက် ဘယ်လိုစီမံထားသလဲဆိုတာကို ဆီမြွန်နီအင်ဇာဂီဆီ ဆက်လက်မေးမြန်းခဲ့ပါတယ်။ သူက “ အခုအချိန်မှာ အနာဂတ်အကြောင်းပြောဖို့ဆိုတာ အလွန်စိတ်ပျက်စရာကောင်းပါလိမ့်မယ်။ ဇူလိုင် ၁၃ ရက်မှစတင်ပြီး ဒီအဆင့်အထိရောက်ရှိနိုင်ဖို့ ကျွန်တော်တို့တွေ ၅၈ ပွဲတိတိ ကစားခဲ့ရပါတယ်။ အခုအချိန်မှာ အနာဂတ်အကြောင်းပြောဖို့ဆိုတာ မှန်ကန်မှုရှိတယ်လို့ မခံစားမိပါဘူး”လို့ ပြောပါတယ်။
Sky Sport Italia ရဲ့အပြောင်းအရွှေ့ဂုရုကြီး ဒီမာဇီယိုကတော့ အယ်လ်ဟီလယ်အနေဖြင့် အင်ဇာဂီကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုအပြည့်အဝရှိနေပြီလို့ ရှင်းပြပါတယ်။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားဖို့ပဲ ကျန်ပါတော့တယ်။