The network connection is lost.

Banner Image

ပီအက်စ်ဂျီကို ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင်မယ်လို့ ကြုံးဝါးလိုက်တဲ့ အင်တာမီလန်စတားနှစ်ဦး

အင်တာမီလန် အသင်းခေါင်းဆောင် လော်တရို မာတီနက်ဇ်နဲ့ ကွင်းလယ်ကစားသမား နီကိုလိုဘာရယ်လာတို့ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် တည်တည်ငြိမ်ငြိမ်နဲ့ အပြည့်အဝအာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။  ယနေ့ည မြူးနစ်မြို့ရှိ Allianz Arena မှာ စတင်ယှဉ်ပြိုင်မယ့် ဒီပွဲစဉ်မှာ အင်တာမီလန်ဟာ ၂၀၂၃ ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့ စတုတ္ထမြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရည်မှန်းထားပါတယ်။

သောကြာနေ့က မီဒီယာတွေ့ဆုံပွဲမှာ ကစားသမားနှစ်ဦးစလုံးဟာ ပေါ့ပေါ့ပါးပါးရှိနေပုံရပြီး ဘာရယ်လာကတော့ သတင်းထောက်တွေနဲ့အတူ ရယ်မောခဲ့ပါတယ်။  ဒါပေမဲ့ ကစားသမားတွေရဲ့ မှတ်ချက်တွေကတော့ ဖိုင်နယ်မှာ အကောင်းဆုံးခြေစွမ်းပြသဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြနေပါတယ်။

မာတီနက်ဇ်က "တစ်ခုတည်းသောဖြေရှင်းနည်းကတော့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသဖို့ပါပဲ။ ဒါကြောင့် အကောင်းဆုံးပြင်ဆင်ရပါမယ်။ ဒါမှ ပွဲအတွင်းမှာ အရေးကြီးတဲ့အရာတွေပေါ် အာရုံစိုက်နိုင်မှာဖြစ်ပြီး ပီအက်စ်ဂျီကို တောင့်ခံပြီး ကျွန်တော်တို့ ကစားချင်တဲ့ ကစားပုံအတိုင်း ကစားနိုင်မှာပါ။ တကယ်အရေးကြီးတာကတော့ ကျွန်တော်တို့ အခုအထိ ကစားခဲ့တဲ့ ဘောလုံးပုံစံအတိုင်း ဆက်လက်ကစားသွားဖို့ပါပဲ။ ကျွန်တော်တို့မှာရှိတဲ့ လက်နက်တွေနဲ့ သူတို့ကို ထိခိုက်စေနိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ 

ပေါင်ကြွက်သားဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ မာတီနက်ဇ်ဟာ ဖိုင်နယ်အတွက် အပြည့်အဝကြံ့ခိုင်နေပြီဖြစ်ပါတယ်။  အာဂျင်တီးနား တိုက်စစ်မှူးဟာ အင်တာမီလန်ရဲ့ တိုက်စစ်ပိုင်းမှာ ပြင်သစ်တိုက်စစ်မှူး မားကပ်စ် သူရမ်နဲ့တွဲဖက်ကစားဖွယ်ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက အင်တာမီလန်မှာ ကစားခဲ့တဲ့ နီကိုလို ဘာရယ်လာကတော့ အထူးသဖြင့် ပီအက်စ်ဂျီရဲ့ ခိုင်မာတဲ့ ကွင်းလယ်လူတွေကို ရင်ဆိုင်ရမယ့် ခက်ခဲတဲ့အလုပ်ကို ဝန်ခံခဲ့ပါတယ်။ 

ဒီရာသီ စီးရီးအေဖလားပြိုင်ပွဲမှာ နာပိုလီကို တစ်မှတ်အကွာနဲ့ ရှုံးနိမ့်ခဲ့တာကလည်း ဖိုင်နယ်အတွက် နောက်ထပ်လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ဘာရယ်လာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ဒီလိုပွဲမျိုးမှာ ထပ်ပါဝင်ခွင့်ရဖို့ကို အကြိမ်ကြိမ်အိပ်မက်မက်ခဲ့ဖူးပါတယ်။ ဒါက အခက်ခဲဆုံးပွဲတွေထဲက တစ်ပွဲပါပဲ။ကျွန်တော်တို့ အပြည့်အဝအသင့်ဖြစ်နေပါပြီ။ စိတ်အားထက်သန်နေပါတယ်။ ဒီလိုရာသီမျိုးအပြီးမှာတော့ ဒီဖိုင်နယ်ကို ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်"လို့ ဘာရယ်လာက ပြောကြားခဲ့ပါတယ်။