The network connection is lost.

Banner Image

အလန်းစားအပန်းဖြေခရီစဉ်တွေ စီမံပေးနိုင်မယ့် စီရော်နယ်ဒိုရဲ့ အံ့အားသင့်ဖွယ် ပေါင် ၆၁ သန်းတန် ဂျက်လေယာဉ်

သင်သာ စီရော်နယ်ဒိုလို ထိပ်တန်းအဆင့်ရှိသူတစ်ဦးဖြစ်မယ်ဆိုရင် သင့်ရဲ့လူနေမှုဘဝကိုပံ့ပိုးပေးနိုင်မယ့် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး လိုအပ်ပါလိမ့်မယ်။ အသက်-၄၀ နှစ်အရွယ် ပေါ်တူဂီဂန္တဝင်က ပြီးခဲ့တဲ့နှစ်မှာပဲ သူ့ရဲ့ခရီးစဉ်တွေကို ပံ့ပိုးကူညီပေးနိုင်ဖို့ အလွန်လှပတဲ့ Bombardier Global Express 6500 ဂျက်လေယာဉ်တစ်စီးကို ဝယ်ယူခဲ့ပါတယ်။

ဒီစူပါဂျက်လေယာဉ်အတွက် ဘောလုံးကြယ်ပွင့်က သူ့ရဲ့ငွေကြေး ပေါင် ၆၁ သန်းဝန်းကျင်ကို သုံးစွဲခဲ့ရပါလိမ့်မယ်။ လတ်တလောမှာ စူပါဂျက်လေယာဉ်က မန်ချက်စတာလေဆိပ်ဆီ ဆိုက်ရောက်လာခဲ့ပြီး အခုလိုရောက်ရှိလာမှုအတွက် အကြောင်းရင်းကိုတော့ မသိရှိရပါဘူး။ ဒါပေမယ့် စီရော်နယ်ဒိုရဲ့ဂျက်လေယာဉ်က နည်းပညာဆိုင်ရာပြဿနာတစ်ရပ်နဲ့ ကြုံတွေ့နေရပြီးနောက် မန်ချက်စတာလေဆိပ်ဆီ ဆိုက်ရောက်လာခြင်းဖြစ်တယ်လို့ The Sun သတင်းဌာနမှ ဖော်ပြပါတယ်။

ဒါက ခရီးသွားလာမှုအပေါ်နှစ်သက်လေ့ရှိတဲ့ စီရော်နယ်ဒို၊ ဂျော်ဂျီနာရိုဒရီဂွတ်ဇ်နဲ့ သူတို့နှစ်ဦးရဲ့ရင်သွေးတွေအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး ကိုယ်ပိုင်ဂျက်လေယာဉ်မပါဘဲ ခရီးသွားဖို့ ပြင်ဆင်လာရပါလိမ့်မယ်။ ဆိုရှယ်မီဒီယာမြင်ကွင်းတွေမှာဆိုရင်လည်း စီရော်နယ်ဒိုတို့မိသားစုက မကြာခဏဆိုသလို မယုံကြည်နိုင်စရာကောင်းတဲ့ဂျက်လေယာဉ်ပေါ် ရောက်ရှိနေတာကို မြင်တွေ့ရလေ့ရှိပါတယ်။

နောက်ထပ်မရှိနိုင်တဲ့ ဂျက်လေယာဉ်

စီရော်နယ်ဒိုရဲ့စိတ်လှုပ်ရှားစရာဂျက်လေယာဉ်နဲ့ပတ်သက်လို့ အထင်ရှားဆုံးအချက်ကတော့ ခရီးစဉ်အရှည်ကြီးတွေကို သွားလာနိုင်တယ်ဆိုတာပါပဲ။ အံ့အားသင့်လောက်စရာကောင်းတဲ့ ဒီဂျက်လေယာဉ်က ဆီထပ်ဖြည့်စရာမလိုဘဲ ၁၈ နာရီကျော် ပျံသန်းနိုင်စွမ်းရှိပါတယ်။ ဂျက်လေယာဉ်က စွဲမက်ဖွယ်ကောင်းလောက်အောင်ပင် မိုင် ၆,၆၀၀ အကွာအဝေးကို တဆက်တည်းပျံသန်းနိုင်ပါတယ်။ ဒါက ဟောင်ကောင်မှ လန်ဒန်အထိ မရပ်မနားပျံသန်းနိုင်တဲ့ အကွာအဝေးမျိုး ဖြစ်ပါတယ်။ 

အခြားတစ်ဖက်မှာလည်း ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့မှ မန်ချက်စတာမြို့အထိ မိုင် ၂,၈၀၀ ဝန်းကျင်သာ ကွာဝေးပါတယ်။ အခုလိုမြန်နှုန်းမျိုးရရှိစေရေးအတွက် ဂျက်လေယာဉ်မှာ Rolls–Royce အင်ဂျင်တစ်လုံးကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် လေယာဉ်ပျံသန်းနေစဉ်အတွင်း တုန်ခါမှုတွေကိုထိန်းသိမ်းနိုင်ဖို့အတွက် နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုထားလို့ Global Express 6500 ကိုစီးနင်းရတာ ငြိမ့်ညောင်းသာယာမှုအပြည့် ရှိနေပါလိမ့်မယ်။

သက်သောင့်သက်သာရှိမှု

စီရော်နယ်ဒိုရဲ့ဂျက်လေယာဉ်က ခရီးသည်အမြောက်အများကို တင်ဆောင်ကာ ပျံသန်းသွားလာနိုင်စွမ်း ရှိပါတယ်။ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအတွက် အထူးသင့်လျော်မယ့် မီးဖိုတစ်လုံး၊ မိုက်ခရိုဝေ့ဗ်စက်တစ်လုံးနဲ့ ကော်ဖီဖျော်စက်တစ်လုံးအပါအဝင် အဆင့်အတန်းမြင့်မားလှတဲ့မီးဖိုချောင်တစ်ခုကို ဂျက်လေယာဉ်အတွင်းမှာ ထည့်သွင်းတည်ဆောက်ထားပါတယ်။ အများသုံးရေချိုးခန်းမှာလည်း ကြည့်မှန်ကြီးတစ်ချပ်၊ အဆင့်အတန်းမြင့်မားလှတဲ့ လက်ဆေးကန်နဲ့ ရေဘုံဘိုင်တစ်ခုတို့ကို မြင်တွေ့ရပါလိမ့်မယ်။

စီရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ရဲ့အဝတ်အစားတွေ တွန့်ကြေမှုမရှိစေဖို့ သူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေထားရှိနိုင်မယ့် ကျယ်ဝန်းတဲ့ဗီရိုကြီးတစ်ခုလည်း ပါရှိပါတယ်။ ဗီရိုပန်းကန်စင်တစ်ခုအပါအဝင် အနိမ့်အမြင့်ချိန်ညှိနိုင်တဲ့စားပွဲတစ်လုံးရှိနေတဲ့ ပရိဘောဂအသုံးအဆောင်တွေကိုတော့ ဂျက်လေယာဉ်အမှုထမ်းတွေရဲ့ပရိဘောဂအသုံးအဆောင်တွေနဲ့ သီးခြားစီခွဲထုတ်ထားပါတယ်။

ဒါ့အပြင် ဒီကိုယ်ပိုင်ဂျက်လေယာဉ်မှာ စီရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ သက်သောင့်သက်သာခရီးသွားနိုင်ဖို့ Nuage zero-gravity အမျိုးအစားထိုင်ခုံတွေလည်း တပ်ဆင်ထားပါတယ်။နောက်ထပ်သီးခြားရှိနေဦးမယ့်အရာတွေကတော့ ပစ္စည်းကိရိယာအစုံအလင်ပါရှိမယ့် ရေချိုးခန်း၊ အဝတ်အစားဗီရိုကြီးနဲ့ ခရီးဆောင်အိတ်များသီးခြားထားရှိနိုင်မယ့်အခန်းတစ်ခုတို့ပဲ ဖြစ်ပါတယ်။

ဖျော်ဖြေရေး

လေကြောင်းခရီးရှည်တစ်ခုအတွင်း မရှိမဖြစ်လိုအပ်မယ့်အရာတစ်ခုက စိတ်လက်သက်သောင့်သက်သာရှိနေစေရေးပဲ ဖြစ်ပါတယ်။ ဒီအတွက် စီရော်နယ်ဒိုနဲ့ သူ့မိသားစုကို Global Express 6500 က အကောင်းဆုံးစီစဉ်ပေးထားပါတယ်။ ပထမဆုံးအနေနဲ့ ရုပ်ရှင်တွေကြည့်ရှုဖို့ 4K UKHD TV တွေ အဆင်သင့်ရှိနေပါလိမ့်မယ်။

ဒီဂျက်လေယာဉ်ပေါ်မှာ မြန်နှုန်းမြင့်အင်တာနက်လည်း ရှိနေလို့ တေးသီချင်းတွေကို ကြိုးမဲ့အင်တာနက်စနစ်မှတဆင့် ခံစားနိုင်မယ့် အခွင့်အရေးတစ်ရပ်လည်း ရရှိပါလိမ့်မယ်။ ကိုယ်ပိုင်အီလက်ထရောနစ်ပစ္စည်းတွေအတွက် ဘက်ထရီအားသွင်းချင်တယ်ဆိုရင်လည်း ကြိုးမဲ့အားသွင်းပေါက်တွေ အသင့်ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒီအံ့အားသင့်ဖွယ်ရာဂျက်လေယာဉ်နဲ့ပတ်သက်လို့ စီရော်နယ်ဒိုတို့မိသားစု ငြီးငွေ့သွားစရာ မရှိပါဘူး။