Go Ahead Eagles ကိုအရေးနိမ့်ခဲ့လို့ အသင်းအပေါ်စိတ်ပျက်မိကြောင်း ပြောကြားလာတဲ့ အမ်မရီ
သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ Go Ahead Eagles ကို ၁-၂ နဲ့အမှတ်မထင်ရှုံးနိမ့်ပြီးနောက် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောကြားခဲ့ပေမယ့် ရလဒ်အတွက် စိတ်ပျက်မိကြောင်းလည်း ပြောကြားလာခဲ့ပါတယ်။
အက်စတွန်ဗီလာဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက်အနိုင်ရရှိထားပြီး နိုင်ပွဲအရှိန်အဟုန်ရရှိနေချိန်မှာ မထင်မှတ်ဘဲ Go Ahead Eagles ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အက်စတွန်ဗီလာအတွက်ဦးဆောင်ဂိုးကို ပြီးခဲ့တဲ့နွေရာသီကမှ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားသစ် အီဗန်ဂတ်ဆန်က ပွဲအစ ၄ မိနစ်မှာပဲသွင်းယူပေးနိုင်ခဲ့ပါတယ်။
သို့သော်လည်း Go Ahead Eagles အတွက်ချေပဂိုးနဲ့အနိုင်ဂိုးတွေကို ပထမပိုင်းပြီးကာနီးမှာ ဆူရေးနဲ့ ဒုတိယပိုင်း ၆၁ မိနစ်မှာ ဒီဂျယ်လ်တို့ကပြန်လည်သွင်းယူပေးခဲ့တာကြောင့် အိမ်ကွင်းပရိသတ်တွေအရှေ့မှာ အနိုင် ၃ မှတ်နဲ့အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အမ်မရီအနေနဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် ရလဒ်အပေါ်ကိုတော့ စိတ်ပျက်မိကြောင်း "ကျွန်တော်တို့ ဥရောပမှာ ပွဲတွေအများကြီးကစားထားရပါတယ်။ ကွန်းဖရန့်လိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာဥရောပအတွေ့အကြုံတွေအများကြီးရထားခဲ့ပါတယ်။ အခုကတော့ ယူရိုပါလိဂ်ပေါ့"
"ကျွန်တော်တို့ ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပြီး ဒီဥရောပပြိုင်ပွဲက ကျွန်တော်တို့ကိုပိုကောင်းစေပြီး ဥရောပနဲ့ တစ်သားတည်းဖြစ်စေပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ကျွန်တော်တို့ ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုလည်း အရင်သွင်းနိုင်ခဲ့ပါတယ်"
"သူတို့ဘက်ကတော့ အခွင့်အရေးနည်းနည်းပဲရခဲ့ပေမယ့် ရတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ခဲ့ကြလို့ သွင်းဂိုးတွေရခဲ့ကြတာ့ပါ။ ဒီနေ့ပွဲမှာ ပြိုင်ဘက်ကလည်း အရမ်းကောင်းခဲ့ပါတယ်။ သူတို့နောက်တန်းက ချီးကျူးစရာပါ။ ကျွန်တော်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ဒီလိုလွဲချော်မှု ကို လက်ခံဖို့လိုပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုအတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်"
"ဒီပြိုင်ပွဲက ခက်ခဲတယ်ဆိုတာ အစကတည်းက ကြိုသိထားပြီးသားပါ။ ဒီပွဲကနေ သင်ခန်းစာယူသွားရပါမယ်။ စိတ်ထဲမှာ အပြုသဘောဆောင်တဲ့အရာတွေတွေးနေပေမယ့် ရလဒ်ကြောင့် နည်းနည်းတော့ စိတ်ပျက်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။