
ဝေဖန်သူတွေရဲ့ရန်မှကာကွယ်ဖို့ ခွေးတစ်ကောင်မွေးတော့မယ့် ဟွိုက်လန်း
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းက သူဟာ ဝေဖန်သူတွေရဲ့ရန်မှ ကာကွယ်ဖို့အတွက် ချစ်သူကောင်မလေးနဲ့အတူ ခွေးတစ်ကောင်မွေးဖို့ စီစဉ်ထားတယ်လို့ပြောကြားလာခဲ့ပါတယ်။
တသမတ်တည်းမရှိတဲ့စွမ်းဆောင်ရည်နဲ့ များပြားလှတဲ့ ရလဒ်ဆိုးတွေကြောင့် မကြာသေးမီကက ယူနိုက်တက်ဟာ ကလပ်ဂန္ထဝင်ကစားသမားတွေသာမက ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်ပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့ထားခဲ့ရပါတယ်။ ဟွိုက်လန်းကလည်း ကာလရှည်ဂိုးပေါက်ပျောက်မှုကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံထားရသလို၊ ယူနိုက်တက်အနေနဲ့ ကစားသမားအတွက် ပေါင် ၇၂ သန်းအထိ သုံးစွဲခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုဖြစ်တယ်လို့လည်း ပြောဆိုနေကြတာဖြစ်ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လက်စတာကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဟွိုက်လန်းဟာ ကာလရှည်ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ယူနိုက်တက်အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ ဒိန်းမတ်လက်ရွေးစင်က သူ့အနေနဲ့လည်း ကာလရှည်ဂိုးပေါက်ပျောက်ဆုံးမှုကို စိတ်ပျက်မိတယ်လို့ဝန်ခံလာခဲ့ပြီး ယူနိုက်တက်အတွက် ကြီးမားတဲ့သက်ရောက်မှုပြုလုပ်ချင်ခဲ့တယ်လို့ဆိုပါတယ်။
ကစားသမားက "ဂိုးပေါက်ပျောက်တာ စိတ်ပျက်စရာကောင်းပါတယ်။ စိတ်ပျက်စရာလို့ပဲ ပြောရမှာပါ။ ဂိုးသွင်းသူစာရင်းမှာ ကျွန်တော်ပါဝင်နိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ခဲ့ရင်ဆိုတဲ့ အတွေးတွေနဲ့လည်း စိုးရိမ်စိတ်တွေရှိခဲ့ပါတယ်။ ဒီထက်ပိုပြီးပြောချင်တာတော့မရှိတော့ပါဘူး။ အသင်းအတွက် အခုထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးနဲ့ ကစားပေးချင်ခဲ့ပါတယ်"
"ကျွန်တော်က ဆိုရှယ်မီဒီယာပေါ်မှာ သိပ်ပြီးအချိန်ဖြုန်းလေ့မရှိပါဘူး။တစ်ခါတလေမှပဲ ပို့စ်တွေဘာတွေတင်ပါတယ်။ အဲဒီအစား ကျွန်တော်က ကျွန်တော့်ရဲ့ချစ်သူ ဒါမှမဟုတ် မိသားစုနဲ့အချိန်ဖြုန်းပါတယ်။ ပြီးတော့ ဆိုရှယ်မီဒီယာသုံးမယ့်အစား ခွေးတစ်ကောင်မွေးပြီး အဲဒီခွေးနဲ့ပဲ အချိန်ဖြုန်းဖို့ စဉ်းစားထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဟွိုက်လန်းဟာ ပေါ်တူဂီနဲ့ယှဉ်ပြိုင်သွားရမယ့် နေရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပါဝင်ကစားသွားနိုင်ဖို့ ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့ပူးပေါင်းထားပါတယ်။လာမယ့်ဧပြီလ ၁ ရက်နေ့မှာတော့ ဒိန်းမတ်လက်ရွေးစင်ဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။