
မန်စီးတီးကွယ်လူ ဂန်ဒိုဂန်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ဂါလာတာစာရေး
တူရကီကလပ် ဂါလာတာစာရေးဟာ မန်ချက်စတာစီးတီးကွင်းလယ်လူ အီကေးဂန်ဒိုဂန်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာအနေနဲ့လည်း အသင်းရဲ့ကွင်းလယ်ကို ပြန်လည်ပုံဖော်နေတာကြောင့် ကစားသမားကိုရောင်းချဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဂါလာတာစာရေးဟာ ဂန်ဒိုဂန်ရဲ့အပြောင်းအရွှေ့အတွက် ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တူရကီအပြောင်းအရွှေ့ဈေးကွက်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှသာ ပိတ်သိမ်းမှာဖြစ်လို့ ဂါလာတာစာရေးအနေနဲ့ ဒီအပတ်ထဲမှာပဲ သဘောတူညီမှုရရှိဖို့ တွန်းအားပေးလုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဂန်ဒိုဂန်ဘက်ကတော့ ဂါလာတာစာရေးသို့ပြောင်းရွှေ့ဖို့ အခုချိန်အထိ ဆုံးဖြတ်ချက်မချရသေးဘူးလို့ သတင်းတွေကဖော်ပြထားပါတယ်။ ဂန်ဒိုဂန်ဟာ ယခင်က မန်စီးတီးအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၅၀ ကျော်အထိ ကစားခွင့်ရခဲ့ပေမယ့် ယခုရာသီမှာတော့ နေရာရဖို့ အတော်လေးခက်ခဲနေပါတယ်။
လက်ရှိမန်စီးတီးရဲ့ကွင်းလယ်မှာ တီဂျာနီရိန်ဒါစ်၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားနဲ့ နီကိုဂွန်ဇာလက်ဇ်တို့ရှိနေတာကြောင့် ဂျာမနီသားအနေနဲ့ ဒီနွေရာသီမှာပဲ အီတီဟတ်ကနေ ထွက်ခွာသွားရဖို့ သေချာသလောက်ဖြစ်နေပါတယ်။ ဂန်ဒိုဂန်အနေနဲ့ ဂါလာတာစာရေးသို့ပြောင်းရွှေ့ပါက ပုံမှန်ပွဲထွက်ခွင့်ရဖို့ သေချာနေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲလည်းကစားခွင့်ရမှာဖြစ်လို့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာများနေပါတယ်။
ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဘာစီလိုနာနဲ့လမ်းခွဲပြီး မန်စီးတီးသို့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။သို့သော်လည်း မန်စီးတီးဘက်ကတော့ အသင်းရဲ့ကွင်းလယ်မှာ လူအင်အားအပြည့်အဝရှိနေပြီးဖြစ်တောကြောင့် ကစားသမားကို ထွက်ခွာခွင့်ပြုထားတာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေက မကြာမီမှာပဲ အပြီးသတ်သွားဖွယ်ရှိနေပြီး လာမယ့်ရက်သတ္တပတ်အတွင်း ဂါလာတာစာရေးအနေနဲ့ ဂန်ဒိုဂန်ကို တူရကီမြေသို့ အပြီးသတ်ခေါ်ယူသွားနိုင်ချေရှိပါတယ်။ လောလောဆယ်မှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အဓိကသော့ချက်က ဂန်ဒိုဂန်ရဲ့ဆုံးဖြတ်ချက်ဖြစ်နေတာကြောင့် ဂျာမန်သားအနေနဲ့ တူရကီမြေမှာဘောလုံးကစားသမားဘဝကို ရှေ့ဆက်ဖို့ဆုံးဖြတ်သွားမလား စောင့်ကြည့်ရပါမယ်။