The network connection is lost.

Banner Image

လီဗာပူးကစားသမားတွေက အသင်းဖော်တွေအတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဗန်ဒိုက်

ဗန်ဒိုက်က အခုရာသီ၊ လီဗာပူးအသင်းရဲ့အံ့မခန်းအောင်မြင်မှုအများစုဟာ အသင်းကစားသမားတွေရဲ့ အသင်းဖော်တိုင်းအတွက် တိုက်ပွဲဝင်ပေးသွားလိုတဲ့ စိတ်ဆန္ဒကို အခြေတည်ကာ ဖြစ်ပေါ်လာခဲ့တယ်လို့ ပြောပါတယ်။ အန်းစလော့ရဲ့အသင်းက အခုရာသီ၊ ပြိုင်ပွဲစုံပွဲ ၂၀ အထိ ကစားထားရာမှာ ၁၈ ပွဲအထိ အနိုင်ယူထားပြီး အသင်းခေါင်းဆောင်ကိုယ်တိုင်ကလည်း ယာဂန်ကလော့ပ်ထွက်ခွာသွားပြီးနောက်ပိုင်း လပိုင်းအကြာမှာပဲ အသင်းလူစာရင်းအတွင်းမှာရှိတဲ့ စိတ်ဓါတ်ပိုင်းက လတ်တလောအောင်မြင်မှုတွေအတွက် အဓိကကျတဲ့သော့ချက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ လက်ရှိချန်ပီယံမန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ၁၁ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက အမှတ်ပေးချန်ပီယံပြေးလမ်းထက် အနီးစပ်ဆုံးစိန်ခေါ်သူတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးတို့ကိုလည်း ကိုးမှတ် ဖြတ်ထားခဲ့ပြန်ပါတယ်။

ဗန်ဒိုက်က “ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တဲ့အရာရာတိုင်းနဲ့အတူ ယာဂန်ကလော့ပ်ရဲ့နေရာမှာ အစားထိုးဖို့ဆိုတာ အမြဲတမ်းခက်ခဲနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အန်းစလော့ကတော့ ယာဂန်ကလော့ပ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာပြီး သူ့နည်းသူ့ဟန်နဲ့ အလုပ်တွေ လုပ်ဆောင်ခဲ့ပါတယ်။

အသင်းဝန်ထမ်းတွေနဲ့လက်တွဲကာ သူ့ရဲ့အလုပ်တွေ စတင်ခဲ့ပြီး ပွဲစဉ်တွေကို ပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ အနိုင်ယူဖို့ အရည်အသွေးရှိလာအောင် ကျွန်တော်တို့အတွက် ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူက အခုလက်ရှိအခြေအနေအပေါ် ကျေနပ်မှုမရှိသေးဘဲ ကျွန်တော့်တို့ကို ဆက်ကြိုးစားစေချင်သလို လာမယ့်ပွဲစဉ်ကိုပဲ အာရုံစိုက်ကာ တိုးတက်လာအောင် လုပ်စေချင်ပါတယ်”လို့ ပြောပါတယ်။

ဒတ်ချ်လက်ရွေးစင်က ဖီယင်နုနည်းပြဟောင်းအတွက် အရှိန်အဟုန်ကောင်းတွေရှိနေပြီလို့ ရှင်းပြပါတယ်။ နောက်ခံလူက “ အန်းစလော့ရောက်လာပြီး အခုအချိန်အထိ လုပ်ဆောင်နေခဲ့တဲ့အရာတွေက အရမ်းကောင်းပါတယ်။ ကျွန်တော့်အမြင်မှာတော့ အန်းစလော့က ဘောလုံးသမားအဖြစ်သာမက အသင်းဖော်တွေအတွက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားတဲ့ ကောင်လေးတွေပါဝင်တဲ့ လူစာရင်းတစ်ခုကို ဆက်ခံခဲ့ရတာပါ။

သူကိုယ်တိုင်လည်း နည်းစနစ်ပိုင်းဆိုင်ရာအလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကစားသမားတွေဖြစ်တဲ့ ကျွန်တော်တို့က အန်းစလော့ရဲ့နည်းစနစ်ပိုင်းကို ဘယ်လောက်အထိနားလည်နေသလဲဆိုတာနဲ့ပဲ အဓိကသက်ဆိုင်ပါတယ်”လို့ ဆိုပါတယ်။

လီဗာပူးအသင်းက အင်္ဂလန်အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံဆုကို ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ၂၀၂၀ ပြည့်နှစ်တစ်ကြိမ်သာ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါကြောင့် ဗန်ဒိုက်က အချို့ကိစ္စတွေကို သတိပြုကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်က “ရာသီသိမ်းချိန်ကျရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေချင်ပါတယ်။ ဒါက ရည်မှန်းချက်ဖြစ်ပါတယ်။ ရာသီသိမ်းချိန် ဒီနေရာမှာဆက်ရှိနေဖို့ဆိုရင် လာမယ့်ပွဲစဉ်ကိုသာ အာရုံစိုက်ထားရပါမယ်။ဇန်နဝါရီ(သို့မဟုတ်)ဖေဖော်ဝါရီလကျရင် ဘယ်နေရာမှာရှိနေမလဲဆိုတာ စဉ်းစားနေလို့ မရပါဘူး။

အခုတော့ ကျွန်တော်တို့တွေ လာမယ့်ဗုဒ္ဓဟူးညပိုင်းမှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားရပါမယ်။ ဒါကြောင့် ခမ်းနားကြီးကျယ်တဲ့ပွဲစဉ်တစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ရဲ့ခွန်အားတွေအပြင် အရာရာတိုင်းကို အားစိုက်လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။