The network connection is lost.

Banner Image

ဒီဘရိုင်းက အစားထိုးလို့မရတဲ့ ကစားသမားဖြစ်တယ်လို့ ဂန်ဒိုဂန်ချီးကျူး

မန်ချက်စတာစီးတီးကြယ်ပွင့် အီကေးဂန်ဒိုဂန်က ရာသီကုန်မှာ အသင်းကနေထွက်ခွာသွားတော့မယ့် ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ အသင်းအတွက် အစားထိုးလို့မရတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပြီး ဘယ်လ်ဂျီယံသားဟာ အသင်းသမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဂျာမန်ကွင်းလယ်လူဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် အသင်းဖော် ဒီဘရိုင်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဂန်ဒိုဂန်က မန်စီးတီးမှာ ၁၀ ရာသီကြာနေထိုင်ပြီး ဆုဖလား ၁၄ လုံးအထိဆွတ်ခူးနိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ ကလပ်သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ 

ဂန်ဒိုဂန်က "ဒီဘရိုင်းက အစားထိုးလို့မရတဲ့ကစားသမားပါ။ဘယ်ကစားသမားမှ သူ့နေရာမှာ အစားမထိုးနိုင်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် သူ့နေရာအတွက် ကစားသမားသစ်ရှာသွားရမှာကတော့ အမှန်ပါပဲ။ ကလပ်အနေနဲ့ ဒီလိုလုပ်ရမှာက ပုံမှန်ပါပဲ"

"ဒီအသင်းအတွက် ဒီဘရိုင်းလုပ်ပေးခဲ့တာတွေက မယုံနိုင်စရာပါ။ ကျွန်တော့်အတွက်တော့ မန်စီးတီးသမိုင်းမှာ ဒီဘရိုင်းထက်ပိုကောင်းတဲ့ကစားသမားမရှိဘူးလို့ထင်ပါတယ်။ သူနဲ့အတူ နှစ်တွေအကြာကြီးဖြတ်သန်းပြီး တွဲဖက်ကစားနိုင်ခဲ့တာ ကျွန်တော့်အတွက်တော့ ဝမ်းသာစရာပါပဲ။ သူနဲ့ကျွန်တော်က ကွင်းတွင်းမှာပဲမဟုတ်ဘဲ ကွင်းပြပမှာပါ ချိတ်ဆက်မှုရှိကြပါတယ်။ သူနဲ့ရော၊ သူ့ရဲ့မိသားစုနဲ့ပါ သိကျွမ်းခင်မင်ခွင့်ရတာ ကျွန်တော့်အတွက်တော့ အထူးအခွင့်အရေးတစ်ခုပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဒီရာသီဟာ ဒီဘရိုင်းအတွက် မန်စီးတီးကစားသမားဘဝ နောက်ဆုံးရာသီဖြစ်ပေမယ့် မန်စီးတီးဟာ စိတ်ပျက်စရာအခြေအနေမှာရှိနေပြီး ဆုဖလား ၁ လုံးမျှော်လင့်ချက်သာကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဘရိုင်းအနေနဲ့ နောက်ဆုံးရာသီမှာ ဆုဖလားနဲ့နှုတ်ဆက်နိုင်ဖို့ နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အားသွန်ခွန်စိုက်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။