The network connection is lost.
ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်(ဒုတိယအကျော့)ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်က လာဇီယိုကို အလိုင်းယန့်ဇ်အရီနာကွင်းကြီးမှာ ၃-၀ ဂိုး(နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုး)ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။
ပထမအကျော့၊ ရောမမြေမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်အတွင်း လာဇီယိုကို အရေးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်က အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်တွေမှာပဲ အကောင်းဆုံးခြေစွမ်းပြပြီး ဟယ်ရီကိန်း၊ မူလာတို့ရဲ့ ခေါင်းတိုက်သွင်းဂိုးတွေဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဘိုင်ယန်မြူးနစ်က အသာစီးရရှိနေတဲ့ ရလဒ်ပိုင်းကို ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ဟယ်ရီကိန်းက အသင်း အတွက် တတိယမြောက်ဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ပွဲမပြီးဆုံးခင်မှာပဲ နောက်တစ်ဆင့်တက်လှမ်းနိုင်ရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။
လက်ကျန်ပွဲချိန်တွေမှာ လာဇီယိုဘက်က ချေပဂိုးတွေ ရရှိဖို့ အားထုတ်လာပေမယ့် ပြိုင်ဘက်ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ဘဲ အချည်းနှီးသာ ဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့် ပွဲပြီးချိန်မှာတော့ အိမ်ရှင်ဂျာမန်ဘီလူးကြီးက ဧည့်သည်စီးရီးအေကလပ်ကို သုံးဂိုးပြတ် အနိုင်ယူကာ နောက်တစ်ဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။
အခုပွဲစဉ်အတွင်း သွင်းဂိုးနှစ်ဂိုးရယူကာ ခြေစွမ်းပြသခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက “ကျွန်တော်ရဲ့ ပထမဂိုးအကြောင်းပြောမယ်ဆိုရင် ဘောလုံးကို ပြိုင်ဘက်အသင်းဂိုးဧရိယာဆီ ရောက်လာအောင် ပို့ပေးဖို့ပဲ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအကြောင်းအရာကို လေ့ကျင့်ရေးကွင်းမှာ သီတင်းပတ်တိုင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ဒုတိယဂိုးမှာဆိုရင်လည်း ဘယ်ခြေနဲ့ပိတ်သွင်းယူဖို့ အချိန်ယူခဲ့ရပါတယ်။ ဒါက အလုပ်ဖြစ်သွားတာကို မြင်တွေ့ရလို့ ပျော်ရွှင်ကျေနပ်မိခဲ့ပါတယ်”လို့ သူ့ရဲ့အခုပွဲစဉ်သွင်းဂိုးတွေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
ဆက်လက်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်က “ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့ ညတစ်ခု ဖြစ်ပါတယ်။ ပွဲကြီးပွဲကောင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ပထမအကျော့မှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲစဉ်ကတော့ အခုဘောလုံးရာသီအတွက် ကြီးမားတဲ့အခိုက်အတန့်တစ်ခုဆိုတာ သိသာထင်ရှားပါတယ်။ အသင်းရဲ့ထိပ်တန်းစွမ်းဆောင်ရည်ကောင်းတစ်ခုပါပဲ”လို့ ပြောပါတယ်။
အခုဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားဦးဆောင်သူ လေဗာကူဆင်နဲ့ ၁၀ မှတ်အထိ ကွာဟနေလို့ လိဂ်လက်ရှိချန်ပီယံဘွဲ့ကို လက်လွှတ်ရဖို့နီးစပ်နေတဲ့ ဘိုင်ယန်မြူးနစ်က လာမယ့်စနေနေ့၊ အိမ်ကွင်းမှာ မိန့်ဇ်ကို ဧည့်ခံကစားရပါမယ်။