The network connection is lost.
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အိုက်စလန်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်ဟာ ယူရိုပြိုင်ပွဲမတိုင်ခင် အသင်းကို သတိပေးလှုပ်နှိုးလိုက်သလိုဖြစ်စေတယ်လို့ ထောက်ခဲ့ပြီး ယခုရှုံးပွဲဟာ အသင်းအတွက် အသုံးဝင်တဲ့ပွဲစဉ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အိုက်စလန်ဟာ အင်္ဂလန်ကို ဝင်ဘာလေမှာ ၀-၁ ဆိုတဲ့ရလဒ်နဲ့ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းကို အဆင်သင့်ဖြစ်တာ သေချာမှုရှိမရှိ မေးခွန်းထုတ်ခဲ့ပါတယ်။ အင်္ဂလန်ဟာ အုပ်စုအဆင့်မှာ ဆာဘီးယား၊ ဆလိုဗေးနီးယား၊ ဒိန်းမတ်တို့နဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေတာကြောင့် အဆိုပါပွဲစဉ်တွေကလည်း စိန်ခေါ်မှုတွေဖြစ်လာနိုင်ကြောင်း ဟယ်ရီကိန်းက သတိပေးလာခဲ့ပါတယ်။
အိုက်စလန်ကို ရှုံးနိမ့်ပြီးနောက် ကိန်းက “အုပ်စုပွဲစဉ်တိုင်းက အိုက်စလန်နဲ့ပွဲကလို ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အသင်းက ဒီပြိုင်ပွဲမှာဗိုလ်စွဲဖို့ ဖြစ်နိုင်ချေအရှိဆုံး အသင်းလို့ သတ်မှတ်ခံထားရတာကြောင့် ဒီလိုသတ်မှတ်မှုနဲ့ညီမျှတဲ့ခြေစွမ်းမျိုးကို ပြသနိုင်ဖို့တာဝန်ရှိပါတယ်။ အိုက်စလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အများကြီး ထွက်ပေါ်လာနိုင်ပေမယ့် အကောင်းမြင်ရမယ့်အချက်တွေလည်း ရှိပါသေးတယ်” “ဒီပွဲရဲ့ရလဒ်က ကွင်းထဲမှာ ဘယ်အသင်းနဲ့မဆို ထင်ထားသလောက်လွယ်မှာ မဟုတ်ဘူးဆိုတာကို သတိပေးလိုက်သလိုဖြစ်နေမှာပါ။ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီပွဲမှာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တာက အသင်းရဲ့တိုးတက်မှုဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီလိုအသင်းတွေနဲ့ရင်ဆိုင်ရာမှာ အခွင့်အရေးကို အမိအရအသုံးချနိုင်ဖို့ လိုတယ်ဆိုတာကလည်း သင်ယူခဲ့ရပါတယ်။ ဒီပွဲမှာတော့ ကျွန်တော်တို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
မမျှော်လင့်ထားတဲ့ ဆုတ်ယုတ်မှုတွေ ထွက်ပေါ်လာခဲ့ပေမယ့် ကိန်းကတော့ အင်္ဂလန်အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေဆဲဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ အီတလီကို ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့မှုက ဒီနှစ်ပြိုင်ပွဲအတွက် ဆာလာမှုူကို ပိုမိုအားကောင်းစေတယ်လို့ဆိုလာခဲ့ပါတယ်။
အသင်းခေါင်းဆောင်က “ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာတုန်းက ဆုဖလားရဖို့ အများကြီးနီးစပ်ခဲ့လို့ ဒီနှစ်ပြိုင်ပွဲမှာ ပြန်လာနိုင်ဖို့ ဆာလောင်မှုတွေ ပိုမိုအားကောင်းလာပါတယ်။ ကျွန်တော်ကတော့ အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေဆဲဖြစ်လို့ ဒီပြိုင်ပွဲက ခက်ခဲမှာ သေချာပေမယ့် မှန်မှန်ကန်ကန်လျှောက်လမ်းသွားမယ်ဆိုရင် အနိုင်ရမယ်လို့ ယုံကြည်မှုရှိပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် အရင်ကဗိုလ်စွဲခဲ့ဖူးတဲ့ အသင်းတွေလိုပဲ ကျွန်တော်တို့မှာလည်း ကံကောင်းမှုအနည်းငယ် လိုအပ်မယ်လို့ထင်ပါတယ်။ ဇူလိုင်လမှာကျင်းပမယ့် ဗိုလ်လုပွဲအထိဆိုရင် ခက်ခဲမှုတွေအများကြီးကြုံတွေ့ရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်ဟာ ယူရိုအုပ်စုအဆင့်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ဆာဘီးယားနဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြဂါရတ်ဆောက်ဂိတ်အနေနဲ့ ပွဲဦးထွက်မှာ အဖွင့်လှဖို့ သေချာပေါက် မျှော်လင့်နေမှာဖြစ်ပါတယ်။