
ရီးရဲလ်မက်ဒရစ်ရဲ့ စွပ်စွဲချက်တွေကို လူသိရှင်ကြားဖြေရှင်းဖို့ လာလီဂါဒိုင်လူကြီးတွေကို တိုက်တွန်းလိုက်တဲ့ ဟန်ဆီဖလစ်
လာလီဂါဒိုင်လူကြီးအဖွဲ့ချုပ်ထံ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်က ပြင်းပြင်းထန်ထန် စောဒကတက်ပြီးနောက်ပိုင်းမှာ ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က တာဝန်ရှိသူတွေအနေနဲ့ တုံ့ပြန်မှုတွေပြန်လည်ပြုလုပ်ဖို့နဲ့ ကိုယ့်အလုပ်ကိုယ် ရှင်းရှင်းလင်းလင်းလုပ်ကြဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ အက်စ်ပန်ညိုကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တရားဝင်စောဒကတက်ဝေဖန်ခဲ့တာကြောင့် လာလီဂါဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စရပ်တွေ ဖြစ်ပွားနေပါတယ်။ ရီးရဲလ်မက်ဒရစ်က VAR အခန်းအတွင်းမှ အသံဖိုင်ကိုထုတ်လွှင့်ဖို့တောင်းဆိုခဲ့တာဖြစ်ပြီး ဒိုင်လူကြီးအဖွဲ့ချုပ်ဘက်က ပယ်ချထားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လာလီဂါဥက္ကဌ ဂျာဗီယာတီဘက်စ်ကလည်း ရီးရဲလ်မက်ဒရစ်ရဲ့တာဝန်ရှိသူတွေ ရူးသွားပြီလို့ ပြန်လည်တုံ့ပြန်ထားခဲ့ပါတယ်။ ယခုအခါမှာတော့ ဟန်ဆီဖလစ်က လာလီဂါတာဝန်ရှိသူတွေအနေနဲ့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသိရှင်ကြားဖြေရှင်းဖို့ အကြံပေးလာခဲ့ပါတယ်။ ဖလစ်က "တစ်ခါတလေမှာ ဒိုင်လူကြီးတွေအနေနဲ့ သူတို့မှန်ကန်ကြောင်းကို လူသိရှင်ကြား ထုတ်ပြောပြီး သက်သေပြတာ ကောင်းပါတယ်။ ဒါက အဖြေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့လုပ်ရတာမလွယ်ပါဘူး။ သူတို့တစ်ခုခုကိုပြောင်းလဲမှုပြုလုပ်ချင်ရင် ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပဲဖြေရှင်းသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့မနက်က ဆီဗီလာကို ၁-၄ နဲ့အနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ ယခုအခါမှာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာမှာသာရပ်တည်နေပေမယ့် ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။