The network connection is lost.

Banner Image

စပိန်စူပါဖလားအောင်ပွဲအပြီး ဂုဏ်အယူရဆုံးကိစ္စကို ထုတ်ပြောလာတဲ့ ဟန်စီဖလစ်ခ်

စပိန်စူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၅-၂ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူကာ ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးဆုတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဟန်စီဖလစ်ခ်ဟာ အလွန်ပျော်ရွှင်ကျေနပ်နေတဲ့ လူသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့အဓိကမဟာပြိုင်ဘက်ကြီးကို အထင်ကြီးလောက်စရာကောင်းအောင် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းကို ဂျာမန်သားနည်းပြကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး သူ့ရဲ့အသင်းသားတွေအတွက် မယုံကြည်နိုင်လောက်အောင် ဂုဏ်ယူအားရနေခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ကစားသမားတွေအတွက်ရော၊ ကလပ်အသင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဒါက အံ့အားသင့်လောက်စရာကောင်းတဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ဦးဆောင်ဂိုးကို တုံ့ပြန်ကာ အကောင်းဆုံးဆက်ကစားနိုင်ခဲ့ပါတယ်။

ပွဲစဉ်တိုင်းရဲ့သင်ခန်းစာတွေကို ရယူသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ ပိုကောင်းတဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့မှာ ငယ်ရွယ်နုပျိုတဲ့အသင်းတစ်ခု ရှိပါတယ်။ အချို့သီတင်းပတ်တွေမှာ အကောင်းဆုံးမကစားနိုင်သလို လိဂ်အမှတ်ပေးဇယားရပ်တည်မှုကလည်း မကောင်းမွန်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အခုလိုအကြောင်းအရာတွေကို အဝတ်လဲခန်းထဲမှာ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ဆက်ဇ်နီထုတ်ပယ်ခံလိုက်ချိန်မှာ အရာရာတိုင်းက မလွယ်ကူတော့ပါဘူး။ ဒီအတွက် ကျွန်တော် ဂုဏ်အယူမိဆုံးအရာကတော့ အသင်းရဲ့ခံစစ်ကစားပုံပါပဲ။ ကိစ္စအတော်များများအတွက်တော့ ကျွန်တော် အလွန်အားရကျေနပ်မိပါတယ်။ အထူးသဖြင့် အသင်းရဲ့ခံစစ်ကစားပုံကို ပိုပြီး ဂုဏ်ယူမိပါတယ်။

အတိတ်ကာလတွေကို ကျွန်တော် ပြန်မကြည့်ချင်ပါဘူး။ အခုဘောလုံးရာသီ၊ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်တဲ့ ပြိုင်ဘက်ကို ဒုတိယအကြိမ်အနိုင်ယူပြီး ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ခဲ့လို့ ဒီနေ့ကတော့ ရက်ကောင်းရက်မြတ်ဖြစ်ပါတယ်။ အတိတ်ကာလတွေကို ပြန်မကြည့်ချင်ပါဘူး။

ကလပ်အသင်းကြီးတွေရဲ့ရည်မှန်းချက်က ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့အသင်း ဘယ်လိုပုံစံမျိုးလဲဆိုတာကို ပြသသွားဖို့ လိုအပ်ပါတယ်။ ဒီနေ့လိုမျိုး ပွဲစဉ်တိုင်းကစားဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။

ဘာစီလိုနာအသင်းက လာလီဂါ၊ ကိုပါဒယ်လ်ရေးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပွဲကျပ်တွေမရင်ဆိုင်ရခင် နောက်ထပ်ဆုဖလားအောင်ပွဲတစ်ခုနဲ့အတူ အမိမြေဆီ ပြန်လာနိုင်ခဲ့ပါပြီ။