
၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဇာဘီအလွန်ဆိုရဲ့စိန်ခေါ်မှုရှိလာလို့ အားရကျေနပ်နေတဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ရီးရဲလ်မက်ဒရစ်ကိုတာဝန်ယူဖို့ ပြင်ဆင်နေတဲ့ ဇာဘီအလွန်ဆိုရဲ့ လာလီဂါခရီးစဉ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းကိုတာဝန်ယူဖို့ အန်ဆယ်လော့တီထွက်ခွာသွားမှုနဲ့အတူ ရီးရဲလ်မက်ဒရစ်က အပြောင်းအလဲများစွာရှိမယ့်နွေရာသီကာလတစ်ခုအတွက် ပြင်ဆင်နေပါတယ်။
မေ ၂၆ ရက်မှာတော့ အလွန်ဆိုက အန်ဆယ်လော့တီနေရာဆက်ခံသူအဖြစ် တရားဝင်ထွက်ပေါ်လာပြီး မက်ဒရစ်အခြေစိုက်ကလပ်မှာ သုံးနှစ်ကြာရှိနေမယ့်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အလွန်ဆိုအတွက် ရီးရဲလ်မက်ဒရစ်နည်းပြဘဝကနဦးစမ်းသပ်မှု ဖြစ်လာပြီး သိပ်မကြာခင်ကာလအတွင်းမှာလည်း ဟန်စီဖလစ်ခ်နဲ့ ရင်ဆိုင်သွားရဦးမှာပါ။
ဟန်စီဖလစ်ခ်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ အန်ဆယ်လော့တီနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်လေးခုလုံးကို အနိုင်ရရှိခဲ့ပြီး လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလားပြိုင်ပွဲတွေမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဘီလ်ဘာအိုကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဘာစီလိုနာရဲ့ရာသီပိတ်ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က မက်ဒရစ်မှာ အခြေချတော့မယ့် နည်းပြသစ်အတွက် သတင်းစကားပါးလိုက်ပါတယ်။
ဘာစီလိုနာနည်းပြက “ ရီးရဲလ်မက်ဒရစ်နည်းပြသစ်ရာထူးမှာ အလွန်ဆိုရောက်ရှိလာမှုက အံ့သြဖို့ မကောင်းလှပါဘူး။ ကျွန်တော် သူ့ကိုသိသလို သူနဲ့လည်း စကားပြောဖူးပါတယ်။ သူ့ရဲ့ဒဿနအတွေးအခေါ်ကို ကျွန်တော်သိသလို ဂျာမန်မြေမှာ သူရယူခဲ့တဲ့အောင်မြင်မှုကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။ လေဗာကူဆင်မှာပြသခဲ့တဲ့ သူ့ရဲ့အဆင့်အတန်းက အရမ်းကောင်းပါတယ်။ သူက ကစားသမားအများစုရဲ့ခြေစွမ်းကို မြင့်တက်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီနေရာမှာ သူ့ကိုမြင်တွေ့ရတာ ကျွန်တော် ကြိုက်နှစ်သက်ပါတယ်”လို့ ဆိုပါတယ်။
လာမယ့်ဇွန်လ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘာစီလိုနာအသင်း မပါဝင်လို့ ရာသီကြိုအစီအစဉ်တွေသာ အပြောင်းအလဲမရှိရင် အလွန်ဆိုနဲ့ဟန်စီဖလစ်ခ်တို့ ထိပ်တိုက်တွေ့ဆုံမှုကို အခုနွေရာသီအားလပ်ရက်ကာလမှာ မြင်တွေ့ရဖို့ မရှိသေးပါဘူး။ လာလီဂါဘောလုံးအဖွဲ့ချုပ်ကလည်း သြဂုတ်လလယ်မှာစတင်မယ့် ရာသီသစ်အတွက် ပွဲစဉ်ဇယားကို ဇူလိုင်လအတွင်းမှာမှ ထုတ်ပြန်ကြေညာပါလိမ့်မယ်။