
ရှက်ဖီးလ်နဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမားဟောင်းကြီးရဲ့ အနမ်းကို လက်ခံရရှိခဲ့တဲ့ ဟာလန်း
မန်ချက်စတာစီးတီးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းဟာ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမားဟောင်းကြီးရဲ့ ကွင်းထဲထိဆင်းပြီး အနမ်းပေးတာကို ခံယူခဲ့ရတာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း WBO အပေါ့တန်းချန်ပီယံဆုကို ကိုင်မြောက်ထားနိုင်ခဲ့ပြီး ယခုအခါ အနားယူသွားခဲ့ပြီဖြစ်တဲ့ ဗြိတိန်လူမျိုး ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တယ်ရီဖလာနာဂန်ဟာ အသက်-၃၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး မန်စီးတီးအမာခံပရိသတ်တစ်ဦးဖြစ်တယ်လို့သိရှိရပါတယ်။ တယ်ရီဟာ လက်ဝှေ့သမားဘဝ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဥ် ၃၈ ပွဲမှာ ၂ ပွဲသာရှုံးနိမ့်ခဲ့ပြီး ၁၄ ပွဲအထိအလဲထိုးအနိုင်ယူခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း တယ်ရီဟာ သူ့ရဲ့လက်ဝှေ့သမားဘဝအောင်ပွဲတွေကို ဟာလန်းရဲ့သွင်းဂိုးလောက် အောင်ပွဲခံဖူးခဲ့ခြင်းရှိပုံမပေါ်ပါဘူး။
အဆိုပါဖြစ်ရပ်ဟာ မန်စီးတီးက ရှက်ဖီးကို ၁-၂ နဲ့အနိုင်ရရှိခဲ့တဲ့ ပွဲအပြီး ၁ နာရီကြာမှ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဟာလန်းဟာ ပင်နယ်တီလွဲချော်ပြီး ရုန်းကန်ခဲ့ရပေမယ့် သွင်းဂိုးတစ်ဂိုးတော့ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ နော်ဝေလက်ရွေးစင်ဟာ အသင်းဖော် ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် အနီးကပ်ခေါင်းတိုက်ပိတ်သွင်းယူခဲ့ပြီး အဖွင့်ဂိုးသွင်းယူကာ ပွဲကိုဦးဆောင်စေခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးအောင်ပွဲခံနေစဉ်အတောအတွင်းမှာ တယ်ရီဟာ မတ်တတ်ရပ်နေရာမှ ကွင်းထဲသို့ခုန်ဆင်းလာခဲ့ပြီး မန်စီးတီးရဲ့ အခမ်းအနားထဲဝင်ရောက်ရန်ကြိုးပမ်းကာ ဟာလန်းရဲ့နောက်ကျောပေါ်သို့ခိုစီးခဲ့တာဖြစ်ပါတယ်။ ထို့နောက် တယ်ရီက ဟာလန်းရဲ့ လည်ပင်းကို အနမ်းပေးခဲ့ပေမယ့် တိုက်စစ်မှူးဟာ တုန်လှုပ်နေတဲ့ပုံမပေါ်ဘဲ တည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့ပါတယ်။ သို့သော် အသင်းဖော်ဘာနာဒိုဆေးလ်ဗားကတော့ တယ်ရီရဲ့ အပြုအမူတွေအပေါ် တုန်လှုပ်နေဟန်ရှိပြီး အံ့ဩတကြီး ရပ်ကြည့်နေခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဟာလန်းဆီသို့ လုံခြုံရေးတွေရောက်ရှိလာခဲ့ပြီး တယ်ရီကို ကွင်းထဲမှဆွဲထုတ်သွားခဲ့ရပါတယ်။
အဆိုပါဖြစ်ရပ်ဟာ တွစ်တာမှာပျံ့နှံ့နေပြီးပရိသတ်တွေက "ဒီလူက ဟာလန်းကို အံ့အားသင့်အောင်လုပ်လိုက်တာပဲ" "ဟာလန်းဖြစ်နေလို့တော်သေးတာပေါ့၊ ဘာနာဒိုဆေးလ်ဗားသာဆို ရူးသွားလောက်ပြီ" "ဒီအဖြစ်အပျက်က သူ့အတွက် အမှတ်တရအခိုက်အတန့်ဖြစ်နေမှာပါ" "ကြည့်ရတာ ဟာလန်းဂိုးသွင်းမယ်ဆိုပြီး လောင်းထားတာနေမယ်" စသည်ဖြင့် မှတ်ချက်ပြုထားကြတာဖြစ်ပါတယ်။ သင်းဟာ ပွဲချိန် ၈၅ မိနစ်မှာ ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် မန်စီးတီးအနေနဲ့ သရေ ရလဒ်နဲ့သာ အဆုံးသတ်တော့မယ်လို့ စိုးရိမ်ပူပန်ခဲ့ရသော်လည်း ခဏအကြာမှာတော့ ကယ်တင်ရှင်ပေါ်လာခဲ့ပြီး ရိုဒရီဂိုက ဘယ်ခြေနဲ့အပြင်းကန်သွင်းကာ အနိုင်သုံးမှတ်ကို ပုံဖော်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။