The network connection is lost.

Banner Image

ဖလား ၄ လုံးအိပ်မက် ဆုံးရှုံးခဲ့ရ‌သော်လည်း စိတ်ပျက်ခြင်းမရှိကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ၎င်းအနေနဲ့ ဒီရာသီမှာ ဖလား‌ ၄ လုံးဆွတ်ခူးဖို့ ပစ်မှတ်ထားထားခြင်းမရှိတာကြောင့် ကာရာဘောင်ဖလားမှ ထွက်ခွာခဲ့ရသော်လည်း ပြဿနာမရှိကြောင်းနဲ့ ဖလား ၃ လုံးအောင်မြင်မှုကိုသာ ‌နောက်တစ်ကြိမ် ထပ်ယူနိုင်ဖို့ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်စီးတီးဟာ နယူးကာဆယ်ကို ၁-၀ နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။
 
နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၅၃ မိနစ်မှာ တိုက်စစ်မှူး အီဆက်က သွင်း‌ယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ဂွါဒီယိုလာက ဖလား‌ ၄ လုံးအိပ်မက် အဆုံးသတ်ခဲ့ရသော်လည်း မန်စီးတီးဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို နောက်တစ်ကြိမ် ထပ်မံ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
 
ဖလား ၄ လုံးအိပ်မက်အဆုံးသတ်ခဲ့တာကြောင့် စိတ်ပျက်မိပါသလားလို့ မေးမြန်းခဲ့ရာ ဂွါဒီယိုလာက "ကျွန်တော့်ရဲ့ပစ်မှတ်ကို ဖလား ၄ လုံးအောင်မြင်မှုလို့ထင်နေတာလား။ ရိုးရိုးသားသားပြောရမယ်ဆိုရင် မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့က ဖလား ၃ လုံးချန်ပီယံဖြစ်ရတာကိုပဲ ပိုကျေနပ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက ကြီးကျယ်မြင့်မားပါတယ်။ ဒါပေမယ့် ဒီပွဲကိုရှုံးနိမ့်ရလို့ စိတ်ပျက်ရလောက်အောင်ထိတော့ မမြင့်မားပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
 
နယူးကာဆယ်ရဲ့အနိုင်ဂိုးကို ခွင့်ပြုလိုက်ရပြီးနောက် ဂွါဒီယိုလာဟာ စတုတ္ထဒိုင် ခရစ် ကာဗာနက် ကို ဒေါသတကြီး ပြောဆိုခဲ့တာကြောင့် အဝါကတ်ပြားပြသခံခဲ့ရပါတယ်။ ပွဲအပြီးမှာလည်း ဂွါဒီယိုလာဟာ ခရစ်ထံသွားပြီး နယူးကာဆယ်က ပြစ်ဒဏ်ဘောတွေကျူးလွန်ခဲ့သော်လည်း ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်မပေးခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး အထွန့်တက်ခဲ့ပါသေးတယ်။
 
 
အဝါကတ်ပြသခံရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက "သူတို့တွေ ဘယ်လောက်အထိ ပြစ်ဒဏ်ကျူးလွန်ခဲ့လဲ၊ ကျွန်တော်တို့ ဘယ်လောက်ထိပြစ်ဒဏ်ကျူးလွန်ပြီး အဝါကတ်တွေ ထိခဲ့လဲဆိုတာ မသိတော့ပါဘူး။ ဒါက ဒီလိုဖြစ်နေကျပါ။ တစ်ခါတလေမှာတော့ စိတ်ခံစားချက်တွေ ပါလာနိုင်ပါတယ်။ ဒိုင်လူကြီးတွေနဲ့ သူတို့ရဲ့အလုပ်ကို လေးစားပါတယ်။ ကျွန်‌တော်နဲ့ ထိုက်တန်တဲ့ အဝါကတ်ပါ"လို့ ပြောကြားခဲ့ပါတယ်။
 
ယခုပွဲစဥ်မှာ ဂွါဒီယိုလာဟာ အသင်းရဲ့အဓိက တိုက်စစ်မှူး ဟာလန်းကို ထည့်သွင်းခဲ့ခြင်းမရှိတဲ့ အကြောင်းကို "ဝေါ်လ်ကာနဲ့ ဟာလန်းတို့က အသင်းအတွက် မိနစ်တွေအများကြီး ကစားထားပါတယ်။ ပြီးတော့ ရှေ့မှာ ကစားရမယ့်ပွဲတွေလည်း အများကြီးရှိပါသေးတယ်။ ဟာလန်းကို ပွဲပြီးကာနီး ၁၀ မိနစ် ၁၅ မိနစ်လောက်မှာ ထည့်သွင်းလို့တော့ရပါတယ်။ ဒါပေမယ့် မထည့်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်"လို့ဖြေကြားခဲ့ပါတယ်။