The network connection is lost.
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းရဲ့ကွင်းလယ်လူ ရိုဒရီဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်လူဖြစ်သော်လည်း သူ့ရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် ထိုက်သင့်သလောက် အသိအမှတ်ပြုမခံရဘူးလို့ ဆိုလာခဲ့ပါတယ်။
စပိန်လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ စနေနေ့က ချဲလ်ဆီးကို ၁-၁ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအတွက်လိုအပ်နေတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းအတွက် ဘယ်လောက်အထိအရေးပါကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ရိုဒရီပါဝင်တဲ့ ပွဲတိုင်းလိုလိုမှာ မန်စီးတီးဟာ ရှုံးပွဲမရှိခဲ့တာ ယခုဆိုရင် ၁၂ လအထိကြာမြင့်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးရှုံးပွဲဟာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက တော့တင်ဟမ်နဲ့ပွဲစဉ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်တာမီလန်ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရိုဒရီဟာ ယခုချဲလ်ဆီးနဲ့ ပွဲစဉ်မှာလည်း မန်စီးတီးကို ထပ်မံကယ်တင်ခဲ့ပေမယ့် ဟာလန်းနဲ့ဒီဘရိုင်းတို့လို ကစားသမားတွေရဲ့ကျော်ကြားမှုကို လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပါဘူး။
သို့သော်လည်း ဂွါဒီယိုလာက “ကွင်းလယ်ကစားသမားတစ်ယောက်က တိုက်စစ်မှူးတစ်ယောက်လို ဒါမှမဟုတ် နံပါတ် ၁၀ ကစားသမားတစ်ယောက်ကို ချီးကျူးမှုမခံရဘူးဆိုရင် သူ့အတွက်ကောင်းပါတယ်။ ကွင်းလယ်ကစားသမားတွေက အလွန်အမင်းချီးကျူးခံရရင် မကောင်းပါဘူး” “ကွင်းလယ်ကစားသမားဟာ သူ့အတွက်ရော အသင်းအတွက်ပါ အပြုသဘောဆောင်ရပါမယ်။ ဒါက ကွင်းလယ်ကစားသမား ကိုင်ဆောင်ထားရမယ့် အခန်းကဏ္ဍပါ။ ဒါပေမယ့် ရိုဒရီဟာ အသင်းအတွက် အရေးပါတဲ့အခိုက်အတန့်တွေမှာ ကူညီပေးနိုင်ပြီး ဂိုးသွင်းစွမ်းရည်ရှိပါတယ်။ သူက လက်ရှိဘောလုံးလောကမှာတော့ အကောင်းဆုံး ကွင်းလယ်လူပါပဲ” “တကယ့်ကို အကျိုးရှိတဲ့ခေါ်ယူမှုပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ သူမပါဘဲ ဒီလိုအခြေအနေမျိုးကို မန်စီးတီးဘယ်လိုမှ ဒီလိုစွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ယခုချဲလ်ဆီးကို သရေကျခဲ့တာကြောင့် မန်စီးတီးဟာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် မရှုံးခဲ့သော်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ တတိယနေရာကို ကျဆင်းသွားခဲ့ပြီး ထိပ်ဆုံးကလီဗာပူးနဲ့ ၄ မှတ် ကွာဟသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်အင်္ဂါနေ့မှာတော့ မန်စီးတီးဟာ ပွဲကျန်တစ်ပွဲ ကစားဖို့ကျန်ရှိနေသေးပြီး ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။