
ရီးရဲလ်မက်ဒရစ်ကိုနိုင်ဖို့ ၁ ရာခိုင်နှုန်းသာ အခွင့်အရေးရှိတယ်လို့ ပြောခဲ့ခြင်းမှာ အလိမ်အညာသက်သက်ဖြစ်တယ်လို့ ဝန်ခံလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရဖို့ ၁ ရာခိုင်နှုန်းသာ အခွင့်အရေးရှိနေတယ်လို့ ပြောဆိုခဲ့ခြင်းမှာ အလိမ်အညာသက်သက်သာဖြစ်တယ်လို့ ဝန်ခံလာပြီး ဆန်တီယာဂိုဘာနေဗျူးမှာအောင်ပွဲခံနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။
မန်စီးတီးဟ ပထမအကျော့ အိမ်ကွင်းအီတီဟတ်မှာ ရီးရဲလ်မက်ဒရစ်ကို ၂ ကြိမ်တိုင်တိုင်ဦးဆောင်ခဲ့ပြီးမှာ နောက်ကျသွင်းဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရပြီး ၂-၃ နဲ့ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် မန်စီးတီးအနေနဲ့ ရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ဖို့ ဒုတိယအကျော့မှာ အနည်းဆုံး ၂ ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်သွားဖို့လိုအပ်နေပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက "ရီးရဲလ်မက်ဒရစ်ကိုနိုင်ဖို့ ၁ ရာခိုင်နှုန်းပဲအခွင့်အရေးရှိတယ်ဆိုတာ ကျွန်တော် တမင်သက်သက်လိမ်ပြောခဲ့တာပါ။ ၂-၃ နဲ့ရှုံးနိမ့်ထားခဲ့တုန်းက ကျွန်တော်တို့ကို ဘယ်သူမှ တစ်ပဲနိတောင်မပေးခဲ့ပါဘူး။ ဒါက ကောင်းမွန်တဲ့ရလဒ်တော့မဟုတ်ပေမယ့် ကျွန်တော်တို့ပြန်လာနိုင်ဖို့ ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို လူစာရင်းအပြည့်နဲ့ ယှဉ်ပြိုင်သွားနိုင်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ ပထမအကျော့မှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ အဓိကတိုက်စစ်မှူး အာလင်းဟာလန်းဟာ စနေနေ့က နယူးကာဆယ်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာရရှိထားခဲ့ပါတယ်။ ဒါ့အပြင်အဆိုပါနယူးကာဆယ်နဲ့ပွဲကို အဓိကနောက်ခံလူတွေဖြစ်တဲ့ ရူဘင်ဒီးယက်ဇ်၊ နာသန်အကီနဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်တို့ လွဲချော်ထားခဲ့ကြပါတယ်။
အဆိုပါကစားသမားတွေအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မလားလို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက ပွင့်ပွင့်လင်းလင်းမဖြေခဲ့ဘဲ "မနက်ဖြန်မှာ သိရမှာပေါ့။ ဒါပေမယ့် သတင်းကောင်းတွေရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဘာနေဗျူးမှာသွားရောက်ရင်ဆိုင်ရမှာနဲ့ပတ်သက်ပြီးတော့လည်း စပိန်သားက "ဒီကွင်းမှာ ကျွန်တော့်အတွက် အမှတ်တရတွေအများကြီးရှိပါတယ်။ တစ်ခါတလေမှာ အမှတ်တရကောင်းတွေရခဲ့ပေမယ့် တစ်ခါတလေမှာတော့ မကောင်းပါဘူး။ ဒီမှာကစားရတာ ဘယ်အခါမှ မလွယ်ကူခဲ့ပါဘူး။ " လို့ပြောကြားခဲ့ပါတယ်။