မန်စီးတီးကနေ ထွက်ခွာဖို့ ပြောကြားခြင်း ခံလိုက်ရတဲ့ ဂရီးလစ်ချ်
မန်စီးတီးစတားဟာ သူ့ရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည်ရှာဖွေဖို့လိုအပ်နေပြီး ဗီလာပါ့ခ်သို့ ပြန်သွားသင့်ပါတယ်လို့ လီဟန်ဒရီက ပြောကြားလိုက်ပါတယ်။ ဂရီးလစ်ချ်လိုပဲ အက်စ်တွန်ဗီလာ အကယ်ဒမီထွက်ဖြစ်တဲ့ ဟန်ဒရီက အင်္ဂလန်သားအနေနဲ့ ၂၀၂၁ခုနှစ်တွင် ပေါင်သန်း ၁၀၀ ဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ပြီးကတည်းက ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရှာဖွေဖို့ လိုနေပါတယ်လို့ ပြောကြားလိုက်ပါတယ်။
မန်စီးတီးသို့ မပြောင်းခင်မှာ ဂရီးလစ်ချ်ဟာ ဗီလာရဲ့တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉-၂၀ ရာသီ အသင်းရဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ရေးအတွက် ကြိုးစားမှုတွင် အဓိကနေရာကနေ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ယူရို ၂၀၂၁ တွင် ခြေစွမ်းပြသခဲ့ပြီးနောက် မန်စီးတီးဟာ အင်္ဂလန်သားကို ရရှိဖို့အတွက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း သူ့ရဲ့ သွင်းဂိုးနှင့် ဂိုးဖန်တီးမှုနည်းလာတာကိုတော့ မန်စီးတီးပရိသတ်တွေက သဘောကျခြင်းမရှိနေတာဖြစ်ပါတယ်။ ကလပ်အတွက် ၁၄၃ ပွဲကစားပြိးနောက် ၁၄ ဂိုးသွင်း ဂိုး ၂၀ သာ ဖန်တီးထားနိုင်တယ်လို့ Transfermarkt ကဖော်ပြထားကာ တစ်နှစ်ကျော်ကာလအတွင်း ဂိုးသွင်းနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ မန်စီးတီးပရိသတ်တွေကတော့ သူ့ထံကနေ အများကြီးပိုလိုချင်နေတာဖြစ်ပါတယ်။ အမှန်တကယ်တော့ ဂရီးလစ်ချ်ရဲ့ ကစားပုံကို ပြောင်းလဲလိုက်ခြင်းကြောင့် ဂွါဒီယိုလာက စွပ်စွဲပြောဆိုခြင်းခံနေရပါတယ်။
10bet သို့ ဟန်ဒရီက "မန်စီးတီးမှာ ဂရီးလစ်ချ်ရဲ့ အကောင်းဆုံးဗားရှင်း ဒါမှမဟုတ် မြက်ခင်းပြင်ပေါ်မှာ သူပျော်နေတဲ့ ဗားရှင်းကို မတွေ့ဖူးဘူးလို့ ထင်ပါတယ်။ အတိုအထွာဗီဒီယိုတွေကိုပဲ မြင်ဖူးပေမယ့် သူက အခြေခံအားဖြင့် သူ့မန်နေဂျာက သူ့ကို တောင်းဆိုထားတဲ့အတိုင်း ကစားနေတယ်လို့ မြင်မိပါတယ်"
"အင်္ဂလန်အတွက် ကစားတာကို ကျွန်တော်မြင်ရတဲ့အခါ သူက တခြားလူတစ်ယောက်လိုဖြစ်သွားပါတယ်။ သူက ပိုပြီးလွတ်လပ်စွာ ကစားပါတယ်။ သူ့ရဲ့ ပံ့ပိုးမှု၊ ဂိုးတွေနဲ့ ဖန်တီးမှုတွေကို ကြည့်ရင် သူ့အတွက် စိတ်ပျက်စရာလို့ ပြောလို့ရတယ်။ သူ့မှာ အစွမ်းအစတွေ အများကြီးရှိတယ်ဆိုတာ သိပါတယ်။ ပြီးတော့ သူက ဒီထက်ပိုပြီး အများကြီး ပံ့ပိုးပေးနိုင်တာကို သိပါတယ်" လို့ ပြောပါတယ်။
မန်စီးတီးရဲ့ မကြာသေးမီက အူနိုင်းအမ်မရီရဲ့အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ဗီလာပါ့ခ်ကပရိသတ်များရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော်လည်း ဂရီးလစ်ရှ်ကို ဗီလာသို့ပြန်လာရန် ဟန်ဒရီက ဆက်လက်ပြော ကြားခဲ့ပါတယ်။
"ဂျက်က လက်ရှိအသင်းကနေ ထွက်ခွာဖို့ စဉ်းစားသင့်နေပါပြီ။ အပြောင်းအရွှေ့က မအောင်မြင်ဘူးဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး၊ သူအဲဒီမှာရှိနေတဲ့အချိန်အတွင်းမှာ အနိုင်ရဖို့ရှိတဲ့အရာအားလုံးကို အောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ သူ့ရဲ့ပျော်ရွင်မှုကို ရှာဖွေဖို့လိုတယ်လို့ ထင်ပါတယ်"
"သူဟာ ထိပ်တန်းဘောလုံးအသင်းတိုင်းအတွက် ပိုင်ဆိုင်မှုတစ်ခုဖြစ်လာမှာပါ။ ကျွန်တော် သူ့ကို ဗီလာမှာ ကစားတာကို မြင်ချင်ပါတယ်။ ဒါပေမယ့် သူ့ကိုပြန်ခေါ်ယူဖို့ ငွေကြေးတော့ လိုပါတယ်။ ဒါဟာ ရှုပ်ထွေးတဲ့ စာချုပ်တစ်ခုဖြစ်လာနိုင်ပါတယ်"
"ဗီလာပရိသတ်တွေက သူ့ကို လှောင်ပြောင်ခဲ့တာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူ့ကို ဗီလာပါ့ခ်မှာ ပြန်တွေ့ချင်မယ်လို့ ထင်ပါတယ်"
"သူပြန်လာရင် အရမ်းကောင်းပါလိမ့်မယ်။ သူ့ကစားပုံမှာ ပျော်ရွှင်မှုရဖို့ လောလောဆယ်မှာ မန်စီးတီးကနေ ထွက်သွားရမယ်လို့ ကျွန်တော်ခံစားမိပါတယ်"လို့ ဟန်ဒရီက ပြောပါတယ်။