The network connection is lost.

Banner Image

ယူရိုပြိုင်ပွဲဝင် ဂျာမနီလက်ရွေးစင်အသင်းမှ ဖယ်ရှားခံလိုက်ရတဲ့ ဂိုးသမားနူဘယ်

ယူရိုပြိုင်ပွဲဝင် ဂျာမနီလက်ရွေးစင်အသင်းမှ နောက်ဆုံးဖယ်ရှားခံလိုက်သူက ဂိုးသမားနူဘယ်ဖြစ်ပြီး တောင်ပံကစားသမား ဆာနေးကတော့ ဒဏ်ရာပြဿနာစိုးရိမ်မှုတွေ ရှိနေချိန် အသင်းလူစာရင်းမှာ ဆက်လက်ပါဝင်လာခဲ့ပါတယ်။

၂၀၂၄ ယူရိုပြိုင်ပွဲဝင် လက်ရွေးစင်အသင်းတစ်ခုအတွက် ကစားသမား ၂၆ ဦးသာ ခေါ်ယူနိုင်ပြီး နည်းပြနာဂယ်စ်မန်းက ပဏာမလက်ရွေးစင်ကစားသမား ၂၇ ဦးပါစာရင်းမှ နူဘယ်ကို ဖယ်ရှားလိုက်တာပါ။ မေလအတွင်းမှာ နာဂယ်စ်မန်းက ယူရိုပြိုင်ပွဲကြီးအတွက် ဂိုးသမားလေးဦးအထိ ခေါ်ဆောင်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ဂရိနဲ့ခြေစမ်းပွဲမတိုင်ခင် နာဂယ်စ်မန်းက ဆာနေးရဲ့ဒဏ်ရာပြဿနာစိုးရိမ်ရမှုကြောင့် နောက်ထပ်ကွင်းတွင်းပါဝင်ကစားနိုင်မယ့် ကစားသမားခေါ်ယူသွားရဖို့ရှိနေလို့ သူ့ရဲ့အစီအစဉ် ပြောင်းလဲထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

“နည်းနည်းလောက် အပြောင်းအလဲလုပ်ဖို့ လိုအပ်မလားဆိုတာ ကျွန်တော်တို့မသိပါဘူး။ ဆာနေးက ရာနှုန်းပြည့်နီးပါး ကြံ့ခိုင်နေပါတယ်။ ဒါပေမယ့် သူက ဘိုင်ယန်မြူးနစ်မှာလည်း အဲ့ဒီလိုမျိုး ဖြစ်ခဲ့ပေမယ့် အခြေအနေတွေ ရုတ်တရက်ပြောင်းလဲသွားတတ်ပါတယ်”လို့ အသက်-၃၆ နှစ်အရွယ်နည်းပြက ပြောပါတယ်။

ဆာနေးက ဆီးခုံရိုးဒဏ်ရာပြဿနာရှိနေပြီး ကလပ်အသင်းရဲ့နောက်ဆုံးပွဲစဉ်ခုနစ်ခုမှာ တစ်ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ နူဘယ်က အခုဘောလုံးရာသီမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ပြခဲ့တဲ့စတုဂတ်အသင်းဂိုးသမားဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှ အငှားလာရောက်ကစားနေသူ ဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ်ဂိုးသမားက ၂၀၂၆ ခုနှစ်မှာ မြူးနစ်မြို့ဆီ ပြန်လည်ရောက်ရှိလာဖွယ်ရှိပြီး ကလပ်အသင်းကပ္ပတိန်နူအာရဲ့နေရာကို ကာလရှည်ဆက်ခံနိုင်မယ့်သူအဖြစ် ရှုမြင်ခံထားရပါတယ်။

သူ့ကို ချန်လှပ်ထားမှုနဲ့ပတ်သက်ပြီး နာဂယ်စ်မန်းက “ဒါက သူ့ရဲ့စွမ်းဆောင်ရည်နဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော် ဂျာမနီလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူထားစဉ်ကာလတလျှောက်လုံး နူဘယ်က အသင်းအနာဂတ်ရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပါလိမ့်မယ်”လို့ ဆိုပါတယ်။

ယူရိုချန်ပီယံဆုသုံးကြိမ်တိုင်ရရှိထားတဲ့ ဂျာမနီအသင်းက ဇွန် ၁၄ ရက်၊ မြူးနစ်မြို့မှာ စကော့တလန်နဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။