
အယ်လ်အေအက်ဖ်စီနဲ့ လမ်းခွဲပြီးနောက် လီဂူးဝမ်းကလပ် လိုင်လီသို့ပြောင်းရွှေ့လာတဲ့ ဂျရူး
ပြင်သစ်လက်ရွေးစင်အသင်းရဲ့ သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမား အိုလီဗီယာဂျရူးဟာ မေဂျာလိဂ်ကလပ် အယ်လ်အေအက်ဖ်စီနဲ့ လမ်းခွဲခဲ့ပြီးနောက် ပြင်သစ်လီဂူးကလပ် လိုင်လီသို့ပြောင်းရွှေ့လာခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလမှာ အသက်-၃၉ နှစ်ပြည့်မြောက်မယ့် ဝါရင့်တိုက်စစ်မှူးဟာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်လီဂူးသို့ ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။ ပြင်သစ်သားဟာ ၂၀၁၁-၁၂ ခုနှစ်ဘောလုံးရာသီမှာ မောင့်ပယ်လီယာအတွက် ပြင်သစ်လီဂူးဖလားကို ဆွတ်ခူးပေးခဲ့ပြီးနောက် အာဆင်နယ်သို့ စတင်ပြောင်းရွှေ့ခဲ့ပါတယ်။
ယခုအခါမှာ ဂျရူးက "လီဂူးဝမ်းကနေ ထွက်လာခဲ့တာ ၁၃ နှစ်လောက်ကြာပြီဖြစ်လို့ အခုလို ပြန်လာရတာ ဝမ်းသာစရာပါ။ လိုင်လီကို ပြင်သစ်ထိပ်တန်းအသင်းအဖြစ် ကျွန်တော်အမြဲတမ်း ယူဆခဲ့ပါတယ်။ အသင်းမှာ ငယ်ရွယ်ပြီး ပါရမီရှင်ကစားသမားလေးတွေ အများအပြားပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် လိုင်လီက ကျွန်တော်တို့ အတွေ့အကြုံရင့်ကစားသမားတစ်ဦးလိုအပ်နေမှာပါ။ ကျွန်တော်ကလည်း လိုအပ်နေတဲ့အခန်းကဏ္ဍကို အတတ်နိုင်ဆုံးဖြည့်ပေးသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဂျရူးဟာ အာဆင်နယ်မှာ ၆ နှစ်ကြာနေထိုင်ခဲ့ပြီး စုစုပေါင်း ၁၀၅ ဂိုးအထိသွင်းယူခဲ့ကာ အက်ဖ်အေဆုဖလားအောင်မြင်မှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်သားဟာ ချဲလ်ဆီးမှာလည်း ကာလရှည်ကစားခဲ့ပြီး ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ အေစီမီလန်နဲ့အတူ စီးရီးအေဆုဖလားဆွတ်ခူးပြီးနောက် ဂျရူးဟာ အယ်လ်အေအက်ဖ်စီနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ မေဂျာလိဂ်မှာတော့ ပြင်သစ်သားဟာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပြီး ၃၇ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။