
The network connection is lost.

ဂျာမနီ လက်ရွေးစင်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းက စတော့တလန်နဲ့ ယှဉ်ပြိုင်သွားရမယ့် ၂၀၂၄ ယူရိုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဆိုတဲ့ဖိအားကို အသုံးချသွားရမယ်လို့ အသင်းသားတွေကို တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ ဒီနှစ် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမယ့် ဂျာမနီဟာ သမိုင်းတစ်လျှောက် ယူရိုဖလားကို ၃ ကြိမ် အထိ ဆွတ်ခူးထားပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်ထိသာ တက်လှမ်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ပြိုင်ပွဲမှာလည်း အောင်မြင်မှု မရရှိခဲ့ပါဘူး။
အဆိုပါ ၂၀၁၆ ယူရိုပြိုင်ပွဲအပြီးမှာကတည်းက ဂျာမနီဟာ ခြေစွမ်းကောင်းရဖို့ ရုန်းကန်နေရပြီး ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ ၂ ကြိမ်တိုင်တိုင်လှည့်ပြန်ခဲ့ရသလို ၂၀၂၁ ယူရိုမှာလည်း ရှုံးထွက် ၁၆ သင်း အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုလိုအိမ်ရှင်အဖြစ် ကျင်းပသွားရမယ့် ၂၀၂၄ ယူရိုမှာတော့ ဂျာမနီအနေနဲ့ အောင်မြင်မှု ရယူနိုင်ဖို့ မျှော်လင့်ထားပြီး နည်းပြချုပ် နာဂယ်စ်မန်းကလည်း စကော့တလန်နဲ့ ကစားရမယ့် အဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဆိုတဲ့ဖိအားကို အသုံးချသွားရမယ်လို့ ဆိုလာခဲ့ပါတယ်။
ကြာသပေတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂယ်စ်မန်းက “အခုလို အရေးကြီးတဲ့ ပွဲစဉ်တွေမစခင်မှာ ဖိအားရှိနေတယ်လို့ခံစားရတာ ပုံမှန်ပဲလို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ဖို့ပါ။ ကစားသမားတွေနဲ့စကားပြောတဲ့အခါမှာ အိမ်ရှင်ဆိုတဲ့ဖိအားကို အသုံးချသွားရမယ်လို့ တိုက်တွန်းထားပါတယ်။ ကွင်းထဲမှာကစားရတဲ့အခါ ပျော်ရွှင်နေဖို့လိုပါတယ်။ ဒါကအရမ်းအရေးကြီးတဲ့အရာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေက ငယ်ငယ်ကတည်းက ဘောလုံးကစားလာတာဆိုတော့ သူတို့ဘောလုံးကို အလွန်ချစ်မြတ်နိုးပါတယ်။ သူတို့ ဘောလုံးကိုတကယ်ချစ်ရင် ကောင်းကောင်းလုပ်နိုင်မှာပါ။ ကျွန်တော်တို့ဖိအားတွေကို အတတ်နိုင်ဆုံးတွန်းလှန်သွားမှာဖြစ်သလို စကော့တလန်ကိုလည်း တွန်းလှန်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသက်-၃၆ နှစ်အရွယ် နည်းပြက ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းနဲ့အတူ ဆုဖလားဆွတ်ခူးခဲ့ဖူးတဲ့ တိုနီခရူးစ်ကို ယူရို ၂၀၂၄ မှာ ပါဝင်ယှဉ်ပြိုင်ဖို့ အချိန်အတော်ကြာ စည်းရုံးခဲ့ရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
နာဂယ်စ်မန်းက “အနာဂတ်မှာ အသင်းကဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ သူသိချင်နေတဲ့အတွက် သူ့ကိုဆွဲဆောင်ဖို့ အချိန်တစ်ခုယူခဲ့ရပါတယ်။ သူက အသင်းက အနိုင်ရမှာသာ သူ့အနေနဲ့ အသင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ လက်ခံမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ လုပ်လိုက်ကြရအောင်ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ စကော့တလန်က အသွင်အပြင်နဲ့ ဖွဲ့စည်းပုံအားကောင်းတဲ့အသင်းပါ။ သူတို့မှာ စူပါစတားတွေမရှိပေမယ့် အန္တရာယ်ကောင်းကောင်းပေးနိုင်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။