The network connection is lost.

Banner Image

ယာမယ်လ်ထက် မူစီယာလာကိုသာ ပိုအာရုံစိုက်နေတဲ့ ဂျာမနီနည်းပြ နာဂယ်စ်မန်း

ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်းက အခုညပိုင်း၊ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် စပိန်ဆယ်ကျော်သက်ကြယ်ပွင့် ယာမယ်လ်ရဲ့အကြောင်း စဉ်းစားဖို့ အချိန်မရှိဘဲ အသင်းကစားသမား မူစီယာလာအတွက် သူ့ရဲ့အစီအမံတွေကိုပဲ ပိုတွေးတောမိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတလျှောက် အသက်အငယ်ဆုံးပြိုင်ပွဲဝင် ကစားသမားဖြစ်လာတဲ့ အသက်-၁၆ နှစ်အရွယ် ယာမယ်လ်က စပိန်အသင်း နောက်ဆုံး လေးပွဲဆက်အနိုင်ရရှိအောင် တောင်ပံမှတဆင့် သူ့ရဲ့မြန်နှုန်း၊ ဖန်တီးမှုစွမ်းရည်တွေကို အသုံးချကာ အကောင်းဆုံး ကူညီပေးနေပါတယ်။

ဂျာမန်တွေအနေဖြင့် အခုညပိုင်းပွဲစဉ်မှာ ဆယ်ကျော်သက်ကစားသမားရဲ့မြန်နှုန်းနဲ့ စွမ်းဆောင်ရည်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေသွားရမှာဖြစ်ပေမယ့် အသင်းရဲ့ဖန်တီးမှုကြယ်ပွင့် မူစီယာလာအတွက်သာ ပိုပြီးအာရုံစိုက်မိနေတယ်လို့ နာဂယ်စ်မန်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

နာဂယ်စ်မန်းက “ကျွန်တော်ကတော့ ယာမယ်လ်ကို သိပ်ဂရုမစိုက်မိဘဲ မူစီယာလာကိုသာ ပိုအာရုံစိုက်မိနေပါတယ်။ တိုက်စစ်ပိုင်းမှာ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ယာမယ်လ်မှာ အရည်အသွေးအများကြီး ရှိပါတယ်။ သူက ဒီနှစ်မှာ ဘာစီလိုနာအသင်းအတွက်ရော၊ လက်ရွေးစင် အသင်းအတွက်ပါ အလွန်တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းကို ပြသထားပါတယ်။ ဒါမျိုးလုပ်နိုင်သူ အများကြီးမရှိပါဘူး။ သူက အသက်-၁၆ နှစ်အရွယ်ပဲရှိသေးလို့ ကျွန်တော်တို့ရဲ့ကစားသမားတွေ သူ့ကို ခံစစ်ပိုင်းမှာထိန်းထားနိုင်ဖို့ အခွင့်အလမ်းတစ်ခုရှိနေပါတယ်။ အခြေအနေတွေ ပြင်းထန်လာချိန်မျိုးမှာ သူဘယ်လိုမျိုးတုံ့ပြန်သွားမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး နာဂယ်စ်မန်းက လူငယ်ကြယ်ပွင့်တွေနဲ့ပြည့်နှက်နေတဲ့ စပိန်အသင်းဟာ အစဉ်အလာရိုးရာ တီကီတာကာကစားဟန်ကို စွန့်လွှတ်လိုက်ပြီဖြစ်လို့ ဂျာမနီအသင်း အနေဖြင့် ပွဲကိုထိန်းချုပ်နိုင်ရေး ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိအောင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

နာဂယ်စ်မန်းက “မတူကွဲပြားတဲ့ အပြောင်းအလဲတွေနဲ့အတူ အသားကျအောင်ပြုလုပ်ထားတဲ့ ခံစစ်ကစားဟန်တစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဘောလုံးပိုင်ဆိုင်မှုရှိနေဖို့ဆိုတဲ့ တောင်းဆိုချက်လည်း ရှိနေပါတယ်။ စပိန်အသင်းက တိုက်စစ်ခံစစ်အလျှင်အမြန်ကူးပြောင်းဖို့ ပြိုင်ဘက်အပေါ် ဖိအားပေးမှုတွေ အမြင့်ဆုံးအထိ လုပ်ဆောင်ပါတယ်။ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာလည်း ဘောလုံးပိုင်ဆိုင်မှု ရယူနိုင်လေ့ရှိပါတယ်။ ဒါက သူတို့အသင်း ရရှိထားတဲ့ အရည်အသွေးတစ်ခုဖြစ်ပြီး တီကီတာကာကစားဟန်သက်သက် မဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဂျာမနီ လက်ရွေးစင်အသင်းနည်းပြက အခုညပိုင်းပွဲစဉ်မှာ ဘယ်တောင်ပံတိုက်စစ်နေရာအတွက် ဆာနေးနဲ့ ဖလော်ရီယန်ဝစ်ဇ် ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးမလဲဆိုတာ ထုတ်မပြောချင်ခဲ့ပါဘူး။ ဆာနေးက ဒိန်းမတ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ အခုယူရိုပြိုင်ပွဲအတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။


ဒီကစားသမားနှစ်ဦးအနက် ဘယ်သူ့ကိုပွဲထွက်ခွင့်ပေးလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ နာဂယ်စ်မန်းက “ကျွန်တော် ဒီမေးခွန်းကို ဖြေပေးနိုင်ပေမယ့် ဖြေပေးလိုစိတ်မရှိပါဘူး။ ကျွန်တော်တို့အတွက် မေးခွန်းအနည်းငယ်ရှိနေဆဲဖြစ်ပြီး ပွဲမစခင်မှာ ဒီနေရာနဲ့ပတ်သက်လို့ စကားပြောသွားချင်ပါသေးတယ်။ ဘယ်သူ့ကိုပဲ ပွဲထွက်ခွင့်ပေးပေး၊ ဒါက အရမ်းဆိုးရွားတဲ့ရွေးချယ်မှုတစ်ခုတော့ ဖြစ်လာဖို့ မရှိပါဘူး”လို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း၊ ပြိုင်ပွဲကြီးအဆင့်တွေမှာ စပိန်ကို အနိုင်မရတော့တဲ့ ဂျာမန်တွေက စိတ်ပျက်စရာကာလတစ်ခု လွန်မြောက်ပြီးချိန် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်ချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ စပိန်ကို အနိုင်မရရှိတော့တဲ့ ဂျာမနီအသင်းရဲ့မှတ်တမ်းမှာ ၂၀၂၀ ပြည့်နှစ်၊ နေးရှင်းလိဂ်ပြိုင်ပွဲအတွင်း ခြောက်ဂိုးပြတ်ရှုံးနိမ့်မှုလည်း ပါဝင်ပါတယ်။

“အဲ့ဒီပွဲတွေတုန်းက ကျွန်တော် မပါဝင်နိုင်ခဲ့ပါဘူး။ နေးရှင်းလိဂ်ပွဲစဉ်တစ်ခုအတွက် ရှုံးကြွေးဆပ်ရမယ့်အချိန်လို့လည်း အသင်းအဝတ်လဲခန်းမှာ ကျွန်တော် ဘယ်တော့မှပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်အပြင် လက်ရှိအသင်း  ကစားသမားအချို့လည်း အဲ့ဒီအချိန်တုန်းက အသင်းမှာ မရှိနေခဲ့ပါဘူး။ ဒါက မနက်ဖြန်ပွဲစဉ်အတွက်ဆို ပတ်သက်ဆက်စပ်မှု ဘာမှမရှိပါဘူး”လို့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း၊ ဂျာမန်လက်ရွေးစင်အသင်းနည်းပြ တာဝန်ယူခဲ့သူ နာဂယ်စ်မန်းက ဆိုပါတယ်။