အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ချန်ပီယံမျှော်လင့်ချက်အတွက်အတားအဆီးကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက်နောက်ခံအစွန်လူဟောင်း ဂယ်ရီနဗီးလ်က ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ခံစစ်ပိုင်းဟာ အသင်းအတွက် ပေးဆပ်ရမှုဖြစ်သွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။
အခုပြိုင်ပွဲအတွက် ဆောက်ဂိတ်ရွေးချယ်ခဲ့တဲ့ အသင်းလူစာရင်းပိုင်းကြောင့် အင်္ဂလန်နောက်ခံလူဟောင်းရဲ့စိုးရိမ်ကြောင့်ကြမှုတွေပိုမိုတိုးပွားလာပါတယ်။ ဆားဘီးယားနဲ့အုပ်စုအဖွင့်ပွဲစဉ်အတွက် ခရစ္စတယ်ပဲလေ့စ်ခံစစ်မှူးဂူဟီကို မန်စီးတီးနောက်ခံလူဂျွန်စတုန်းစ်နဲ့ တွဲဖက်ကစားစေမယ်လို့ သတင်းတွေထွက်ပေါ်နေမှုကြောင့် အသင်းရဲ့ခံစစ်ပိုင်းနဲ့ပတ်သက်လို့ နဗီးလ်ရဲ့ကြောက်လန့်နေမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ITV သတင်းဌာနဲ့တွေ့ဆုံချိန် ဂယ်ရီနဗီးလ်က "ဒါက ဂူဟီအတွက် အခွင့်အလမ်းကြီးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ သူက စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်ကစားသမားလေးတစ်ဦးပါ။ ဒါပေမယ့် ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲဖို့အကြောင်း စဉ်းစားမယ်ဆိုရင်တော့ ရှေးယခင်ပြိုင်ပွဲတွေကတည်းက ပစ်ပယ်လိုက်လို့မရတဲ့အရာတွေကို လျစ်လျူရှုလိုက်လို့ မရပါဘူး။ ခံစစ်ပိုင်းက ပြိုင်ပွဲတလျှောက်လုံးတိုက်ပွဲဝင်သွားဖို့ အင်အားတောင့်တင်းနေရပါမယ်။ ဒါကပဲ အကြီးမားဆုံးစိုးရိမ်စရာပါ။ ပြီးခဲ့တဲ့ညမှာ ရွိုင်ကိန်းလည်း ဒီအကြောင်းအရာကို ပြောခဲ့တာ ကျွန်တော်ကြားခဲ့ရပါတယ်။ လူတိုင်းက အင်္ဂလန်အသင်းခံစစ်ပိုင်းကိုပဲ ရည်ညွှန်းပြောဆိုနေကြပါတယ်။ ဒီလေးယောက်တန်းခံစစ်နဲ့အတူ ပြိုင်ပွဲတလျှောက် ဆောက်ဂိတ်ဘယ်လိုရှေ့ဆက်သွားမလဲ။ သူတို့ကို အပြစ်ပေးနိုင်မယ့်နည်းလမ်း တဦးဦးသာ ရှာဖွေတွေ့ရှိသွားမယ်ဆိုရင် ကျွန်တော်တော့ ပွဲကြည့်ရှုဖို့တောင် မဝံ့မရဲပါပဲ။ ဒီနောက်တန်းကစားသမားတွေက သူတို့ဘဝရဲ့အရေးအကြီးဆုံးပွဲစဉ်ကို သီတင်းပတ်တိုင်း မကစားနိုင်ဘူးဆိုရင် ဘယ်လိုတွေဖြစ်လာနိုင်မလဲဆိုတာ တွေးကြည့်ဖို့တောင် ကျွန်တော်အတော်လေးရုန်းကန်နေရပါတယ်"လို့ ပြောပါတယ်။
လက်ရှိအင်္ဂလန်အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်း၊ ဖိုဒန်၊ ဘယ်လင်ဟမ်၊ ဆာကာနဲ့ အခြားကြယ်ပွင့်တွေ ပါဝင်နေလို့ အင်အားတောင့်တင်းနေပါတယ်။ ဒါပေမယ့် သူတို့တွေက ခံစစ်ပိုင်းနဲ့ပတ်သက်ရင် အားနည်းချက်ရှိပါတယ်။ ဆောက်ဂိတ်ကိုယ်တိုင်လည်း အသင်းခေါင်းဆောင်ဟောင်းမက်ဂွါရီကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပြီး လီဝစ်ဒန့်ခ်၊ ဂူဟီနဲ့ ကွန်ဆာတို့လို နိုင်ငံတကာပြိုင်ပွဲကြီးအတွေ့အကြုံနည်းပါးတဲ့ ကစားသမားတွေကို ရွေးချယ်ထားရပါတယ်။ ဒါက ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးနိုင်ငံတကာအဆင့် ဆုဖလားကို အင်္ဂလန်အသင်းရယူနိုင်မလားဆိုတာ သက်သေပြသွားဖို့ စောင့်ကြည့်ရပါဦးမယ်။
ဆောက်ဂိတ်ရဲ့အသင်းက ဆားဘီးယားနဲ့ အုပ်စုအဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကစားပြီးနောက် ဇွန် ၂၀ ရက်မှာ ယူရို-၁၉၉၂ ချန်ပီယံဒိန်းမတ်နဲ့ ဆက်လက်ရင်ဆိုင်ရပါမယ်။ နောက်ငါးရက်အကြာမှာတော့ ဆလိုဗေးနီးယားနဲ့ အုပ်စုအပိတ်ပွဲစဉ် ကစားရပါမယ်။