The network connection is lost.

Banner Image

ရိုမေးနီးယားနဲ့ပွဲမှာ နယ်သာလန်ရဲ့ပုံစံအမှန်ကို ပြသနိုင်ခဲ့တယ်လို့ဆိုလာတဲ့ ဂတ်ပို

နယ်သာလန်ကြယ်ပွင့် ကိုဒီဂတ်ပိုက ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်း အဆင့်ပွဲစဉ်မှာ ရိုမေးနီးယားကို ၃-၀ နဲ့ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အသင်းဟာ အုပ်စုအတွင်း ဝေဖန်ခံခဲ့ရမှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ပြန်တက်နိုင်ခဲ့ပြီလို့ ပြောကြားလာခဲ့ပါတယ်။

အုပ်စုအဆင့်မှာ နယ်သာလန်ဟာ ဩစတြီးယာနဲ့ ပြင်သစ်တို့အောက် တတိယနေရာသာ  ရရှိခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဩစတြီးယားကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အသင်းခေါင်းဆောင်ဗန်ဒိုက်ခ်အပါအဝင် တစ်သင်းလုံးဟာ အနိုင်ရလိုစိတ်ပျောက်ဆုံးနေတယ်လို့ မှတ်ချက်ပြုခံခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း ရိုမေးနီးယားနဲ့ပွဲမှာတော့ နယ်သာလန်တို့ စွမ်းဆောင်ရည်ကောင်းကို ပြန်လည်ပြသနိုင်ခဲ့ပြီး အသင်းရဲ့တိုက်စစ်ကစားသမား ဂတ်ပို၊ မေလန်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၃-၀ ဆိုတဲ့ပြတ်သားတဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကိုတော့ ၁ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့တဲ့ ဂတ်ပိုကပဲ ဆွတ်ခူးရရှိသွားပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးတိုက်စစ်မှူးက “ကျွန်တော်တို့ ဒီပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ပွဲတွေက ညံ့ဖျင်းမှုတွေကို တုံ့ပြန်နိုင်ခဲ့လို့ အရမ်းကျေနပ်ပါတယ်။ အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါပြီ။ အသင်းရဲ့စိတ်အားထက်သန်မှု၊ ပြင်းထန်မှုနဲ့ ခုခံကာကွယ်လိုစိတ်တွေကြောင့် ကျွန်တော်တို့ဟာ အဆင့်တစ်ခုမှာရှိနေတယ်လို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နယ်သာလန်ဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဂတ်ပိုက “ကျွန်တော် ဒီအသင်းရဲ့ပွဲတွေကို စောင့်ကြည့်ရင်း အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။ အခုတော့ ကိုယ်ပိုင်အမှတ်တရတွေဖန်တီးဖို့ ကြိုးစားနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နယ်သာလန်ဟာ ရိုမေးနီးယားကို ပွဲချိန်တစ်လျှောက်လုံး တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပေမယ့် တိုက်စစ်ပိုင်း ဖြုန်းတီးမှုတွေကြောင့် ပွဲကစားချိန် ၈၃ မိနစ်မှသာ ဒုတိယဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အသင်းရဲ့နောက်ခံလူ ဒမ်ဖရိုင်းစ်ကတော့ အခွင့်အရေး ဖြုန်းတီးမှုတွေအပေါ် စိတ်မပူကြောင်းပြောကြားလာခဲ့ပါတယ်။

နောက်ခံလူက “လွဲချော်မှုတွေနဲ့ပတ်သက်ပြီး စိတ်မပူပါဘူး။ ကျွန်တော်တို့ အရည်အသွေးကို ကျွန်တော်တို့သိပါတယ်။ ဂိုးတွေသွင်းနိုင်မယ်ဆိုတာ သိထားပြီးသားပါ။ နောက်ဆုံးမိနစ်အထိ ပွဲအပေါ်အာရုံစိုက်ခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မေလန်ကလည်း “အသင်းကို အနိုင်ရအောင်ကူညီနိုင်ခဲ့လို့ ပျော်ပါတယ်။ အဝတ်လဲခန်းထဲမှာတော့ ကျွန်တော်တို့ သီချင်းနည်းနည်းဆိုပြီး သောက်ရင်လည်း သောက်ဖြစ်ပါလိမ့်မယ်။ အရှုံးနဲ့အနိုင် နှစ်မျိုးစလုံးအကြောင်းကို တွေးထားတာကြောင့် ရှုံးနိမ့်ခဲ့ရင်တော့ ဝမ်းနည်းရမှာဖြစ်ပြီး နိုင်ရင်တော့ ပျော်ရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။