ဘရန့်ဖို့ဒ်ကိုအနိုင်ယူပြီးနောက် ဂန်းနားကြယ်ပွင့်နေရာ အစားမထိုးနိုင်မယ့်သူမရှိလို့ ပြောဆိုခဲ့တဲ့ မာတင်နယ်လီ
ဘရန့်ဖို့ဒ်ကိုအနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီး မာတင်နယ်လီက အစားထိုးမရနိုင်တဲ့ကစားသမားအဖြစ် ဆာကာကို သတ်မှတ်ပေးခဲ့ပါတယ်။ ဆာကာက ဘရန့်ဖို့ဒ်ကို နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့တဲ့ နှစ်သစ်ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့သလို လာမယ့်သီတင်းပတ်တွေအတွင်း ဆက်လက်ကစားရမယ့်ပွဲစဉ်အများစုကိုလည်း လွဲချော်သွားဖွယ် ရှိပါတယ်။
အင်္ဂလန်ကြယ်ပွင့်က ခရစ္စမတ်ကာလမတိုင်ခင် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာရရှိပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ရလို့ လာမယ့်မတ်လမတိုင်ခင်အထိ အနားယူသွားရဖွယ် ရှိပါတယ်။ ဆာကာရဲ့ဒဏ်ရာပြဿနာက အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက် ထိုးနှက်ချက်ကြီးဖြစ်ပေမယ့် ဂန်းနားတွေကတော့ ဘရန့်ဖို့ဒ်ကို ထိုက်ထိုက်တန်တန်အနိုင်ယူကာ အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် ဒဏ်ရာရရှိနေတဲ့ဆာကာရဲ့နေရာကို အစားထိုးနိုင်ဖို့ အာဆင်နယ်တိုက်စစ်မှူးတွေဆီမှာ ဖိအားတွေ ပိုရှိနေပြီလားဆိုတဲ့မေးခွန်းအပေါ် မာတင်နယ်လီက “ဆာကာရဲ့နေရာကို ဘယ်သူမှ အစားမထိုးနိုင်ပါဘူး။ သူက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားစာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ကိုယ့်အသင်းအကြောင်း ကိုယ်သိပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါတယ်။ အကောင်းဆုံးဖြစ်နေဖို့ ကျွန်တော်တို့ ကြိုးစားသွားပါလိမ့်မယ်။ အခုရလဒ်ပိုင်းကို ဆာကာကိုယ်တိုင်လည်း ပျော်ရွှင်ကျေနပ်နေလိမ့်မယ်ဆိုတာ သေချာပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အလားတူ ဂျီးဆပ်စ်ကလည်း ဘရန့်ဖို့ဒ်အသင်းရဲ့နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်မှတ်တမ်းကို သေချာသွားစေဖို့ Gtech Community ကွင်းကြီးအတွင်း ပြသခဲ့တဲ့ အာဆင်နယ်ရဲ့စွမ်းဆောင်ရည်အပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဂျီးဆပ်စ်က “ ဒီနေ့မှာ အသင်းက အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီနေရာအထိလာပြီး အခုလိုပုံစံမျိုးနဲ့ကစားနိုင်တယ်ဆိုတာက အံ့ဖွယ်ပါပဲ။
အမှန်ပါပဲ၊ အရေးအကြီးဆုံးအရာက အနိုင်သုံးမှတ်ပါ။ ဒါကိုလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒီနောက် အရေးအကြီးဆုံးအရာက ကျွန်တော်တို့ရဲ့တုံ့ပြန်ပုံဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်ကြိုးစားနေပါတယ်။ ကလပ်အသင်းမှာရှိနေသူတိုင်းကလည်း နေ့တိုင်းနေ့တိုင်း ကျွန်တော် ဘယ်လောက်အထိအလုပ်ကြိုးစားနေသလဲဆိုတာ ပြောပြနိုင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းတောင် မဟုတ်ပါဘူး၊ လူတိုင်းလည်း ကြိုးစားနေကြပါတယ်။ အာဆင်နယ်လိုအသင်းကြီးမှာ ပုံမှန်ကစားခွင့်ရရှိဖို့ဆိုတာ မလွယ်ကူပေမယ့် ကျွန်တော် လက်လျှော့သွားဖို့ မရှိပါဘူး။
အခုပွဲစဉ်မှာလည်း ကျွန်တော် ဂိုးသွင်းယူနိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်ရပါတယ်။အသင်းကို ကူညီနိုင်ဖို့ ဂိုးတွေ ဆက်သွင်းယူသွားချင်ပါတယ်”လို့ ပြောပါတယ်။ အခုရာသီ၊ အမှတ်ပေးချန်ပီယံဆုအတွက် လီဗာပူးအသင်းကို အာဆင်နယ်တို့ စိန်ခေါ်နိုင်မလားဆိုတဲ့ မေးခွန်းကို ဂျီးဆပ်စ်က “ သေချာတာပေါ့။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း အံ့မခန်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခဲ့ပေမယ့် ချန်ပီယံဆုအတွက် အကောင်းဆုံးတိုက်ပွဲဝင်ခဲ့ပါတယ်။ အခုလည်း ဒီလိုပုံစံမျိုးပဲ ဆက်လုပ်သွားပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အာဆင်နယ်က လက်ကျန်တစ်ပွဲကစားရဖို့ရှိနေသေးတဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးရဲ့နောက်၊ ခြောက်မှတ်အကွာမှာ ရှိနေပါတယ်။ သူတို့တွေက လာမယ့်စနေနေ့၊ Amex ကွင်းကြီးမှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။