The network connection is lost.

Banner Image

ဂျီရိုနာနဲ့ပွဲစဉ်အတွင်း အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် မကျေမနပ်ဖြစ်နေတဲ့ လီဗာပူးနည်းပြအန်းစလော့

ဒီနေ့မနက်ပိုင်း၊ စပိန်မြေမှာ ဂျီရိုနာကို အနိုင်ယူပြီးနောက် အခုရာသီ၊ ဥရောပအဆင့်ခြောက်ပွဲဆက်အနိုင်ရရှိမှု မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့ပေမယ့် လီဗာပူးနည်းပြအန်းစလော့ကတော့ အသင်းရဲ့စွမ်းဆောင်ရည်ကို မကျေနပ်နိုင်ဘဲ ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း မိုဆာလက်သွင်းယူခဲ့တဲ့ ပယ်နယ်တီသွင်းဂိုးက အနီရောင်တပ်သားတွေအတွက် လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိစေသလို ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့လည်း အခြေအနေကောင်းတစ်ရပ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ကျေနပ်အားရမှုမရှိတဲ့ အန်းစလော့က “အခု ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ခြောက်ပွဲအကြောင်း ခင်ဗျားတို့က ကျွန်တော့်ဆီ မေးမြန်းလာမယ်ဆိုရင် ကျွန်တော်ကတော့ ရလဒ်ပိုင်းတွေနဲ့ပတ်သက်လို့ ကျေနပ်အားရမိတယ်လို့ပဲ ပြန်ဖြေရပါမယ်။ ပထမငါးပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းကိုလည်း ကျွန်တော် တကယ်ကို ကျေနပ်အားရမိပါတယ်။ ဒါပေမယ့် ဒီညပွဲစဉ်စွမ်းဆောင်ရည်ပိုင်းကတော့ ကျွန်တော့်ရဲ့စိတ်ကျေနပ်မှုနဲ့ အလှမ်းကွာဝေးလွန်းပါတယ်။

ဘာကို မကျေမနပ်ဖြစ်မိနေတာလဲ? ကျွန်တော် မကျေနပ်မိတဲ့ကိစ္စတွေက အများကြီးပါပဲ။ လတ်တလောမှာ ကျွန်တော်တို့ရင်ဆိုင်ကစားခဲ့ရဖူးတဲ့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့လိုပဲ ခံစစ်ဇုန်ထဲမှတဆင့် ဘောလုံးကို ဘယ်လိုသယ်ထုတ်သွားရမလဲဆိုတာ ကောင်းကောင်းသိပြီး ဘောလုံးဆိုင်ရာဒဿနကောင်းတစ်ခု ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်အသင်းနဲ့ရင်ဆိုင်ရချိန်မှာ သူတို့ကို အခက်တွေ့အောင် လုပ်ချင်တယ်ဆိုရင် ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်အားထုတ်ကစားဖို့ လိုအပ်ပါတယ်။

သူတို့ကို ဖိအားပေးဖို့ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းခဲ့မယ်ဆိုရင် အသင်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်။ အခုထက်ပိုကောင်းတဲ့ ရလဒ်ကောင်းနဲ့လည်း သူတို့တွေ ထိုက်တန်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော် ဝမ်းနည်းမိပါတယ်။

ကျွန်တော်တို့မှာ မယုံကြည်နိုင်လောက်စရာ ဂိုးသမားတစ်ဦး ရှိပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့တွေ ဘောလုံးဆုံးရှုံးချိန်တိုင်း လုံလောက်တဲ့ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်မှုမျိုးမရှိခဲ့လို့ ပြိုင်ဘက်က နည်းလမ်းတစ်မျိုးမျိုးနဲ့ ကျွန်တော်တို့ဂိုးပေါက်ဆီ ရောက်ရှိလာပြီး ကန်သွင်းမှုတစ်ခု လုပ်နိုင်ခဲ့ပါတယ်။

ပွဲချိန်ပြည့် ပွဲကို မစီးမိုးထားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကစားပုံ နည်းနည်းကောင်းလာပါတယ်။ အပြုသဘောဆောင်တဲ့အရာတစ်ခုဖြစ်ဖို့တော့ ကျွန်တော် ကြိုးစားနေတုန်းပါပဲ”လို့ ပြောပါတယ်။ ဆက်လက်ပြီး အန်းစလော့က ဒဏ်ရာသက်သာလာပြီးနောက် အသင်းအတွက် ပါဝင်ကစားပေးလာတဲ့ နံပါတ်-၁ ဂိုးသမားအလီဆင်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး သူ့ရဲ့အသင်းဟာ ဘရာဇီးဂိုးသမားရဲ့လက်စွမ်းကို စမ်းသပ်ဖို့အတွက် ဂျီရိုနာအသင်းရဲ့ဂိုးပေါက်ကန်သွင်းမှုကို ကြည့်ရှုနေခဲ့တယ်လို့ အရွှမ်းဖောက်ခဲ့ပါတယ်။

အန်းစလော့က “ ကျွန်တော့်ကစားသမားတွေက သူတို့ရဲ့ဂိုးသမား ဘယ်လောက်အထိစွမ်းဆောင်နိုင်သလဲ ဆိုတာသိချင်လို့ ဂိုးသမားအတွက် အလုပ်တွေပေးခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ဟာသပြောတာပါ။

ကျွန်တော်တို့အတွက် အလီဆင်က ပထမဂိုးသမား ဘာကြောင့်ဖြစ်နေသလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်တော် အမြဲတမ်းပြောခဲ့သလိုမျိုးပဲ ဒီနေ့မှာ အလီဆင် စွမ်းဆောင်ပြသွားခဲ့ပါတယ်။ ဒီအတွက် ကလယ်ဟာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်၊ ကလယ်ဟာ အကောင်းဆုံး လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အလီဆင်က နှစ်ပေါင်းများစွာကြာ ကလပ်အသင်းအတွက် အရေးအကြီးဆုံးကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

သူက ဒီနေ့မှာ ကျွန်တော့်အမြင်အရ (သို့မဟုတ်) အားလုံးရဲ့အမြင်အရ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦး ဖြစ်နေရတဲ့အကြောင်းရင်းကို  ထပ်မံပြသခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို သူ ကြံံ့ခိုင်မှုပြည့်ဝနေချိန်တိုင်းမှာ ဆက်လက်စွမ်းဆောင်ပြသသွားဖို့ပဲ မျှော်လင့်ကြတာပေါ့”လို့ ပြောပါတယ်။