The network connection is lost.

Banner Image

စီးရီးအေကလပ် ခရီမိုနိစ်သို့ပြောင်းရွှေ့သွားတဲ့ လက်စတာကြယ်ပွင့်ဟောင်း ဗာဒီ

လက်စတာအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ဂျေမီဗာဒီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်မှာပဲ အီတလီစီးရီးအေကလပ် ခရီမိုနိစ်သို့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အသက်-၃၈ နှစ်အရွယ်ဝါရင့်တိုက်စစ်မှူးဟောင်း လက်စတာမှာ ၁၃ နှစ်ကြာနေထိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့မေလက အသင်းနဲ့လမ်းခွဲကြောင်းကြေညာပြီး အသင်းလက်မဲ့နဲ့ နွေရာသီကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ယခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ အီတလီမြေသို့ခြေချလာခဲ့ပြီဖြစ်ပြီး ခရီမိုနိစ်နဲ့  ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပါတယ်။

ဗာဒီဟာ လက်စတာအတွက် ၂၀၀ ပြည့်မြောက်သွင်းဂိုးကို ပြီးခဲ့တဲ့ရာသီက ၅၀၀ ပြည့်မြောက်ပွဲစဉ်မှာ သွင်းယူပေးခဲ့ပြီး အဆိုပါပွဲစဉ်အပြီးမှာပဲ လမ်းခွဲဖို့ကြေညာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ၂၀၁၆ ခုနှစ်က အီတလီသားနည်းပြ ကလော်ဒီယိုရာနီရေးနီရဲ့ဦးဆောင်မှုအောက်မှာ လက်စတာနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကိုဆွတ်ခူးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အက်ဖ်အေဖလားကို ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

ဗာဒီကို ခရီမိုနိစ်ပရိသတ်တွေက နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပြီး ဥရောပပြိုင်ပွဲသို့ဝင်ရောက်နိုင်ဖို့ အကူအညီပေးပါလို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ခရီမိုနိစ်ဟာ ယခုရာသီမှ စီးရီးအေသို့တန်းတက်လာခဲ့တာဖြစ်လို့ ပြန်လည်တန်းမဆင်းရဖို့ အဓိကကြိုးစားသွားရမှာဖြစ်ပေမယ့် ပရိသတ်တွေကတော့ အသင်းအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားနေကြတာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေနဲ့ ထိုက်တန်အောင် ခရီမိုနိစ်ကလည်း ယခုရာသီမှာ အတော်လေးခြေစွမ်းပြနေပြီး အေစီမီလန်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပါအဝင် လက်ရှိကစားထားတဲ့ စီးရီးအေပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရထားကာ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်ထားနိုင်ပါတယ်။