ယာမယ်လ်ကို မက်ဆီခေတ်အလွန် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့ ချီးကျူးခဲ့တဲ့ ဟန်စီဖလစ်ခ်
စပိန်ဘုရင့်ဖလားပြိုင်ပွဲပွဲစဉ်အဖြစ် ဘက်တစ်ကို ၅-၁ ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုဆီ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ် ရောက်ရှိလာပါတယ်။ ဟန်စီဖလစ်ခ်က “ဒီနေ့ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့တွေ ခရီးမှ ပြန်ရောက်လာပြီး ယမန်နေ့မှာ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ တနင်္လာနေ့တုန်းက လေ့ကျင့်ရေးအစီအစဉ် မပြုလုပ်နိုင်ခဲ့လို့ အခုပွဲစဉ်မှာပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။
ဒါနီအိုလ်မိုက တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားနိုင်စွမ်းရှိတယ်ဆိုတာကို လက်ရွေးစင်အဆင့်မှာလည်း သက်သေပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့လည်း ဒီအချက်ကို ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဆန္ဒနဲ့အညီ လီဝန်ဒေါစကီးကို ဒီနေ့ပွဲစဉ်အတွက် မရွေးချယ်ခဲ့ပါဘူး။ အချို့ကစားသမားတွေကို နားချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒီပွဲကတော့ ကျွန်တော်တို့အတွက် ပျော်ရွှင်စရာကောင်းတယ်လို့ ထင်ပါတယ်။ ပွဲစဉ်အပြီးမှာ ဂါဗီက ယာမယ်လ်ကို မက်ဆီခေတ်အလွန် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးလို့ ပြောခဲ့ပါတယ်။ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ? ဂါဗီ အရမ်းစိတ်လှုပ်ရှားနေလို့ပါ။ ကျွန်တော်ပြောရမယ်ဆိုရင်တော့ ဒါ အမှန်ပါပဲ။ ယာမယ်လ်က အကောင်းဆုံးအခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်နေပါတယ်။ ကျွန်တော်တို့တွေ သူ့ကို ဂရုစိုက်သွားရပါမယ်။ ဒါပေမယ့် အရမ်းကောင်းလွန်းနေပါတယ်။
ပက်ဒရီလား? လာမာစီယာအကယ်ဒမီထွက်ကောင်လေးတွေက တကယ့်အံ့ဖွယ်တွေပဲ။ သူတို့ရဲ့ကစားပုံက အံ့သြစရာကောင်းသလို ပွဲနဲ့လိုက်ဖက်ညီညီရှိနေတာကို မြင်တွေ့ရတာလည်း ပျော်ရွှင်စရာပါ။ ကိန်းဂဏန်းအချက်အလက်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း သူတို့တွေ အမြင့်ဆုံးအထိ စွမ်းဆောင်နိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ တခါတလေတိုက်ပွဲတွေက ခက်ခဲပြီး ကျွန်တော်တို့အတွက် ဒါကို လိုအပ်ပါတယ်”လို့ ပြောပါတယ်။
အရူဂျိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဘာစီလိုနာနည်းပြက “ အရူဂျို ဆက်ရှိနေပါလိမ့်မယ်။ အမှန်ပါပဲ၊ သူ့ရဲ့စာချုပ်သက်တမ်း တစ်နှစ်ခွဲလောက် ရှိနေပါသေးတယ်။ ဒီအချက်ကို ကျွန်တော် ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး။ အနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုတော့ စောင့်ကြည့်သွားတာပေါ့။ အခုအချိန်မှာတော့ သူပြန်လာနိုင်လို့ လူအတော်များများ အောင်ပွဲခံနေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောပါတယ်။
အန်ဆုဖာတီကို ချန်လှပ်ခဲ့မှုနဲ့ပတ်သက်လို့ ဟန်စီဖလစ်ခ်က “ အသင်းရဲ့အခြေအနေကောင်းမွန်နေပြီး ဒဏ်ရာရကစားသမားလည်း နည်းပါးနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ရတဲ့အရာတွေကို အခြေခံပြီး ဆုံးဖြတ်ရပါတယ်။ မနေ့တုန်းကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ အန်ဆုဖာတီက အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ရာသီကြိုကာလမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒဏ်ရာထပ်ရခဲ့ပါတယ်။ မိမိကိုယ်တိုင်ပဲ လေ့ကျင့်ရင်း တိုးတက်မှုတွေရှိနေတယ်ဆိုတာ ပြသရပါမယ်။ အခြေအနေကတော့ ဒီလောက်ပါပဲ။ လီဝန်ဒေါစကီးရော အဆင်ပြေလား? ဟုတ်ပါတယ်၊ အဆင်ပြေနေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း သူ့ကို ဒီနေ့ပွဲစဉ်အတွက် အနားပေးသွားဖို့ကို ပိုသဘောကျမိပါတယ်”လို့ ပြောပါတယ်။