ဆုဖလားပြိုင်ဆိုင်မှုအတွက် ဘာစီလိုနာက မိနစ် ၉၀ ကို အာရုံစိုက်ရမယ်လို့ သတိပေးပြောကြားလိုက်တဲ့ ဟန်ဆီဖလစ်
လာလီဂါဆုဖလားကိုရရှိဖို့ အခွင့်အရေးအတွက် အသင်းက မိနစ် ၉၀ အပြည့် အာရုံစိုက်ထားရမှာဖြစ်ပါတယ်လို့ ဟန်ဆီဖလစ်က ဘာစီလိုနာအား သတိပေးပြောကြားလိုက်ပါတယ်။
၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကြောင့် အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာသို့ လျော့ကျသွားခဲ့ပြီး တနင်္ဂနွေနေ့ ဗလန်စီယာနှင့် ကစားမယ့် ပွဲမတိုင်မီ အဆင့် ၁ က ရီးရဲလ်မက်ဒရစ်နှင့် ၇ မှတ် အဆင့် ၂ က အက်သလက်တီကိုမက်ဒရစ်နှင့် ၅ မှတ် ကွာဟသွားရပါတယ်။
ဗုဒ္ဓဟူးနေ့က ဘင်ဖီကာကို ၅-၄ ဂိုးဖြင့်အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ တက်ရောက်သွားခဲ့ပြီး လိဂ်မှာတော့ ဂီတာဖေးနှင့် ၁-၁ ဂိုး သရေကျထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ပွဲမှာလည်း ရီးရဲလ်ဘတ်တစ်နှင့် ၂-၂ ဂိုး သရေ၊ ဘီဘာအိုအား ၂-၁ ဂိုးဖြင့် ရှုံး၊ နောက်ဆုံးပွဲမှာ ဂီတာဖေးနှင့် ၁-၁ ဂိုး သရေကျခဲ့တာဖြစ်ပါတယ်။
"ဂီတာဖေးနဲ့ပွဲက ကျွန်တော်တို့ရဲ့အမှားပါ၊ အနိုင် ၃ မှတ်ရဖို့အတွက် ပွဲကို အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ကောင်းကောင်းမကစားနိုင်ခဲ့သလို အာရုံလည်းမစိုက်နိုင်ခဲ့ပါဘူး"
"ဒါကိုပြောင်းလဲရမှာပါ။ အစကနေ အဆုံးအထိ အာရုံစိုက်ရမှာဖြစ်ပါတယ်" လို့ ဖလစ်က စနေနေ့က ပြောပါတယ်။ နောက်ထပ်ပြိုင်ဘက်ဖြစ်တဲ့ ဗလန်စီယာဟာ အမှတ်ပေးဇယားရဲ့အဆင့် ၁၉ တွင်ရှိနေပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲစလုံးကို ရှုံးနိမ့်ထားခြင်းမရှိနေတာကြောင့် ဖလစ်ရဲ့အသင်းအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။
ပေါ်တူဂီသို့ သွားရောက်ကစားခဲ့ပြီးနောက် အသင်းရဲ့လူစာရင်းကို အလှည့်ကျသုံးမယ်လို့ နည်းပြက အရိပ်အမြွက်ပြောဆိုထားခဲ့ပါတယ်။
"ကျွန်တော်တို့ ကောင်းကောင်းပြင်ဆင်ထားပါတယ်။ ဗလန်စီယာက ခံစစ်အားကောင်းပြီး ဘယ်လိုကစားရမလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့အတွက် တောင်းဆိုမှုများမယ့်ပွဲပါ။ သူတို့ရဲ့ခံစစ်က အရမ်းကိုကောင်းပြီး လွယ်ကူမှာတော့ မဟုတ်ပါဘူး"
"မနက်ဖြန်မှာ လန်းဆန်းနေရမှာပါ။ အသင်းကို အနည်းငယ်ပြောင်းလဲသွားမှာဖြစ်ပြီး စောင့်ကြည့်ရမှာပါ"
"ကျွန်တော့်အတွက်ကတော့ ပွဲတိုင်းကို အနိုင်ရရှိဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုပွဲကို ချဉ်းကပ်သလဲဆိုတာပါ။ ကျွန်တော်တို့က အမြဲလိုလို နောက်တစ်ပွဲအတွက် စဉ်းစားပါတယ်။ ဗလန်စီယာနဲ့ပွဲပြီးနောက် ချန်ပီယံလိဂ်မှာ အတ္တလန္တာနဲ့ ကစားရမှာပါ" လို့ ဖလစ်က ပြောပါတယ်။