The network connection is lost.

Banner Image

စပိန်ရဲ့အောင်ပွဲလမ်းကြောင်းဟာ လှပတဲ့ကစားဟန်မှတစ်ဆင့် ဖြစ်ပေါ်လာတယ်လို့ ပြောကြားလိုက်တဲ့ ဖူရန်တီ

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖူရန်တီက ပြင်သစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ သူ့အသင်းအနေနဲ့ ထုံးစံအတိုင်း လှပတဲ့ကစားဟန်နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

စပိန်အသင်းဟာ သူတို့ရဲ့ ယူရိုခရီးစဉ်မှာ ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး သွင်းဂိုးတွေလည်း အများအပြားသွင်းယူထားနိုင်ပေမယ့် တစ်ဖက်က ပြင်သစ် အသင်းကတော့ ဂိုးသွင်းဖို့ရုန်းကန်နေရပြီး အခုချိန်အထိ ကစားကွက်မှတစ်ဆင့် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဖူရန်တီက ပြင်သစ်ရဲ့ကစားပုံက ပျင်းရိငြီးငွေ့စရာကောင်းတယ်လို့ မထင်မိပေမယ့် စပိန်ရဲ့ လှပတဲ့ကစားဟန်နဲ့တော့ ကွာခြားမှုရှိတယ်လို့ ဝန်ခံလာခဲ့ပါတယ်။

ဖူရန်တီက “စပိန်အသင်းက ဆွဲဆောင်မှုရှိတဲ့အသင်းပါ။ ဒါကို ကျွန်တော်မငြင်းပါဘူး။ ဒါက အသင်းရဲ့ ဗီဇပါပဲ။ ဒီလိုလှပတဲ့ကစားဟန်ကပဲ ကျွန်တော်တို့ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမှာပါ”  “ကျွန်တော်တို့အနေနဲ့ အနိုင်ရဖို့အတွက်လည်း အစီအစဉ်တွေကို ပြုလုပ်ထားပါတယ်။ ဒီအဆင့်မှာတော့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေက ဘယ်လောက်အထိ လက်တွေ့ကျမလဲဆိုတာ ရလဒ်အနေနဲ့ ထွက်ပေါ်လာပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖူရန်တီက ပျင်းရိစရာကစားပုံကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့အပြင် ဒီပွဲကြည့်မယ့်အစား အခြားတစ်ခုခုကို သွားကြည့်တာမှကောင်းလိမ့်မယ်ဆိုတဲ့ စကားလောက်အထိ အပြောခံနေရတဲ့ ပြင်သစ်ရဲ့ကစားဟန်ကိုလည်း ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ဖူရန်တီက “ကျွန်တော် ပြင်သစ်အသင်းကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ သူတို့မှာ အလားအလာကောင်းနဲ့ အရမ်းအဆင့်မြင့်တဲ့ကစားသမားတွေ ရှိနေပါတယ်။ အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ သူတို့ပွဲတွေကို ကြည့်တဲ့အချိန်မှာ ပျင်းစရာကောင်းတယ်လို့ ထင်တဲ့လူက ထင်လို့ရပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ မပျင်းပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်ရဲ့ပွဲစဉ်မှာ စပိန်ဟာ အသင်းရဲ့အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ ဒန်နီကာဗာဂျယ်နဲ့ ရော်ဘင်လီနော်မန်တို့ကို ဆိုင်းငံ့ပြစ်ဒဏ်ကြောင့် ထည့်သွင်းနိုင်မှာမဟုတ်သလို ကွင်းလယ်လူ ပီဒရီကလည်း ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲပြီးတဲ့အထိ အနားယူသွားရမှာဖြစ်ပါတယ်။

ဖူရန်တီက “ကျွန်တော်တို့က ခရီးသွားရတာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပွဲပန်းတာတွေကို ပြန်ပြီး ကုစားလာနိုင်ပါပြီ။ နားချိန်က ရက်အနည်းငယ်ပဲရှိတော့ ကြံ့ခိုင်မှုအပြည့်အဝရဖို့တော့ အများကြီး အထောက်အကူမဖြစ်ပါဘူး။ မနက်ဖြန်ပွဲမှာတော့ ဘယ်လိုအခြေအနေရှိမလဲ သိရမှာပါ။ ဒါပေမယ့် ကစားသမားတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ကစားဖို့ အဆင်သင့်ရှိနေကြပါပြီ။ စိတ်အားထက်သန်မှုက ဆုတ်ယုတ်မှုမှန်သမျှကို ကျော်လွှားနိုင်စွမ်းရှိလို့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။