
အက်သလက်တီကိုမက်ဒရစ်(ဘီ)အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရတဲ့ ဖာနန်ဒိုတောရက်စ်
စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကိုမက်ဒရစ်(ဘီ)အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အသက်-၄၀ နှစ်အရွယ် ဘောလုံးသမားဟောင်းက အခုရာထူးကို လက်မခံမီ အက်သလက်တီကိုမက်ဒရစ် ယူ-၁၉ အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
တောရက်စ်က “ကျွန်တော်တို့အဆင်သင့်ဖြစ်နေပြီဆိုတာသိထားခြင်းရဲ့ ငြိမ်သက်အေးချမ်းမှုနဲ့အတူ ရည်မှန်းချက်များစွာအတွက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ဒီရာထူးကို လက်ခံသွားပါမယ်”လို့ ပြောပါတယ်။
တောရက်စ်က စပိန်လက်ရွေးစင်အသင်း အတွက် ၁၁၀ ပွဲ ပါဝင်ကစားပေးကာ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အထင်ကရကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူက မိခင်နိုင်ငံကို ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ဖို့အတွက် ဗိုလ်လုပွဲနှစ်ခုလုံးမှာ သွင်းဂိုးတွေရယူရင်း ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ကလပ်အသင်းကစားသမားဘဝကို တောရက်စ်က အက်သလက်တီကိုမက်ဒရစ်နဲ့အတူ စတင်ခဲ့ပြီး လီဗာပူးအတွက်လည်း ဆက်လက်ကစားပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ချဲလ်ဆီးဆီ ရောက်ရှိခဲ့ပါတယ်။
သူက အေစီမီလန် အသင်းမှာလည်း ကာလတိုကစားခဲ့ဖူးပြီး အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ ပြန်ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒီနောက်မှာတော့ အသင်းနဲ့အတူ ၂၀၁၈ ယူရိုပါလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ တောရက်စ်က ဂျေလိဂ်ကလပ်ဆာဂန်တိုဆုနဲ့အတူ ဂျပန်မြေမှာ ကျင်လည်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ ကစားသမားဘ၀ အနားယူခဲ့ပါတယ်။