The network connection is lost.

Banner Image

ဆောက်ဂိတ် ထွက်ခွာရင် နိုင်ငံခြားသားနည်းပြတစ်ဦးခန့်အပ်နိုင်ရေး လမ်းဖွင့်ပေးထားတဲ့ အက်ဖ်အေ

အခုနွေရာသီကာလမှာ လက်ရွေးစင်အသင်းနည်းပြ ရာထူးကို ဆောက်ဂိတ် စွန့်ခွာမယ်ဆိုရင် သူ့ရဲ့နေရာဆက်ခံသူရှာဖွေဖို့ အစီအစဉ်တစ်ရပ်ရေးဆွဲထားပေမယ့် အခုအချိန်အထိတော့ အလားအလာရှိတဲ့ချဉ်းကပ်မှုမျိုး မလုပ်ဆောင်ရသေးဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ပြောပါတယ်။
 
အသက်-၅၃ နှစ်အရွယ် နည်းပြက ဂျာမန်မြေမှာ သူ့ရဲ့အသင်း ဆုဖလား ကိုင်မြှောက်နိုင်ခြင်းမရှိရင် အသင်းမှ ထွက်ခွာရတာမျိုး ရှိလာနိုင်တယ်လို့ ဂျာမန်အခြေစိုက်သတင်းဌာနတစ်ခုနဲ့တွေ့ဆုံချိန်မှာ ထုတ်ပြောခဲ့ပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အက်ဖ်အေရဲ့စီအီးအိုမတ်ခ်ဘူလင်ဟမ်က ဆောက်ဂိတ်ရဲ့ အနာဂတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်း ယူရို-၂၀၂၄ ချန်ပီယံဖြစ်လာဖို့ ရှိ၊မရှိနဲ့ တိုက်ရိုက်သက်ဆိုင်မှုမရှိဘူးလို့ ပြောဆိုပါတယ်။
 
ဒါ့အပြင် ဘူလင်ဟမ်က အက်ဖ်အေအကြီးအကဲတွေအနေဖြင့် ဆောက်ဂိတ်ထွက်ခွာပါက နိုင်ငံခြားသားနည်းပြတစ်ဦးခန့်အပ်ဖို့အတွက်လည်း လမ်းဖွင့်ပေးထားလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့နေရာဆက်ခံသူဖြစ်လာဖို့ နယူးကာဆယ်နည်းပြဟိုဝီကို အက်ဖ်အေမှ စိတ်ဝင်စားနေပေမယ့် ဒီကိစ္စမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဆန်ကာတင်စာရင်းတောင် မရေးဆွဲရသေးဘူးလို့ Mail Sport က အခုသီတင်းပတ်အတွင်း ဖော်ပြခဲ့ပါတယ်။
 
ဘူလင်ဟမ်ကလည်း အက်ဖ်အေအနေဖြင့် ဆောက်ဂိတ်ရဲ့နေရာဆက်ခံသူဖြစ်လာနိုင်သူ စာရင်းကို ပြုစုထားတာမျိုးမရှိပေမယ့် နည်းပြဖြစ်သူထွက်ခွာသွားမယ်ဆိုရင်လည်း အသင်းအတွက် ရုန်းရင်းဆန်ခတ်ဖြစ်စရာအကြောင်း ဘာမှမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် ဆောက်ဂိတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ ကလပ်အသင်းတွေကိုယ်တိုင် အက်ဖ်အေဆီ တိုက်ရိုက်ချဉ်းကပ်လာတာမျိုး မရရှိခဲ့ပါဘူးလို့ သူက ဆက်ပြောပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း မန်ချက်စတာယူနိုက်တက်က ဆောက်ဂိတ်ကို ခေါ်ယူနိုင်ရေး အပြင်းအထန်စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
 
ဘူလင်ဟမ်က “ဘယ်အဖွဲ့အစည်းမဆို သူတို့ရဲ့ထိပ်ပိုင်းရာထူးတွေအတွက် ရေရှည်အစီအမံတစ်ခု ရေးဆွဲထားလေ့ရှိပါတယ်။ ကျွန်တော်တို့လည်း အလားတူပါပဲ။ ဒီအစီအမံတွေထဲမှာ ကာလတိုအတွက် လုပ်ဆောင်သွားရမယ့်အရာတွေမှစပြီး ရာထူးဆက်ခံနိုင်မယ့် ကိုယ်စားလှယ်လောင်းရှာဖွေရေးလုပ်ငန်းစဉ်တွေအထိ ပါဝင်ပါတယ်။ ထိပ်ပိုင်းရာထူးတွေ အတွက် အချိန်တိုင်းမှာ မတူညီတဲ့အစီအစဉ်တွေ အများကြီးရေးဆွဲထားရတယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောပါတယ်။
 
လတ်တလောမှာ ပိုချက်တီနို၊ တူချယ်တို့လိုနည်းပြတွေကို ခန့်အပ်နိုင်မယ့် နိုင်ငံခြားသားနည်းပြတစ်ဦး ရှာဖွေရေး အလားအလာနဲ့ပတ်သက်လို့ ဘူလင်ဟမ်က “ကျွန်တော်တို့မှာ စီနီယာလက်ရွေးစင်အသင်းနည်းပြနှစ်ဦး ရှိပါတယ်။ တစ်ယောက်ကတော့ အင်္ဂလိပ်တစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ နိုင်ငံခြားသားဖြစ်ပါတယ်(အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြ ဒတ်ချ်လူမျိုးဝီဂျ်မန်ကိုဆိုလို)”လို့ ရှင်းပြပါတယ်။
 
ဆောက်ဂိတ်ရဲ့အနာဂတ်ဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း အင်္ဂလန်အတွက် ပထမဆုံးဆုဖလား ရယူနိုင်ခြင်း ရှိ၊မရှိနဲ့ တိုက်ရိုက်ပတ်သက်နိုင်သလားဆိုတဲ့ မေးခွန်းကို ဘူလင်ဟမ်က “လူတွေက ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ကောက်ချက်ချရခြင်းကို ဘာလို့ကြိုက်နှစ်သက်သလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နည်းပြတစ်ဦးနဲ့ပတ်သက်လို့ ပြိုင်ပွဲတစ်ခုတည်းအပေါ် မူတည်ဆုံးဖြတ်သွားရလိမ့်မယ်လို့ မထင်ပါဘူး။ ကစားပုံညံ့ဖျင်းနေတာပဲဖြစ်ဖြစ် သို့မဟုတ် အနီကတ်နှစ်ကတ်လောက်ပြသခံရပြီး ကံမကောင်းစွာနဲ့ဘဲ ရလဒ်ဆိုးကြုံရတာပဲဖြစ်ဖြစ် အနာဂတ်မှာတော့ အောင်မြင်နိုင်မယ့် အလားအလာတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲထင်သလို ဆုံးဖြတ်နေခြင်းက နည်းမှန်လမ်းမှန်တော့ မဟုတ်ပါဘူး။ ပြိုင်ပွဲအပြီးမှာတော့ အရာရာတိုင်းကို ကျွန်တော်တို့ ချင့်ချိန်စဉ်းစားသွားရပါလိမ့်မယ်။ ဆောက်ဂိတ်ရဲ့ခံစားချက်၊ ကျွန်တော်တို့ရဲ့ခံစားချက်နဲ့ ပြိုင်ပွဲကို ဘယ်လိုပုံစံမျိုး အဆုံးသတ်နိုင်ခဲ့သလဲ ဆိုတာတွေကို ကြည့်ရှုသွားရပါမယ်။ ဒါကြောင့်ပဲ နိုင်ငံ့လက်ရွေးစင်အဆင့်မျိုးမှာ နည်းပြတွေရဲ့စာချုပ်သက်တမ်းတွေ နိုင်ငံတကာအဆင့်ပြိုင်ပွဲအပြီး ၁၀ ရက်လောက်အတွင်း အဆုံးသတ်နေရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီထက်ပိုပြီး စိတ်ရှည်ပါတယ်”လို့ ပြောပါတယ်။