
အီသန်ဝမ်နီရီရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အီသန်ဝမ်နီရီတစ်ယောက် အဆင်ပြေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၁၇ နှစ်သားဟာ ဒဏ်ရာကနေပြန်လာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် လက်စတာကိုအနိုင်ရခဲ့တဲ့ပွဲမှာ အီသန်တစ်ယောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရယူနိုင်ခဲ့ပါတယ်။
ဟေးအန့်တ်အကယ်ဒမီထွက်ကစားသမားဟာ ဝက်စ်ဟမ်းကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။ အာဆင်နယ်ဟာ ဒီနေ့ညမှာ နော်တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာတီတာက ဝန်နီရီကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ မျှော်လင့်နေပါတယ်။ “အီသန်အဆင်ပြေပါတယ်။ သူပြီးခဲ့တဲ့အပတ်တွေကနဲ့ ခြားနားခဲ့ပါတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဆာကာ နဲ့ မာတီနယ်လီတို့က တိုးတက်လာပါတယ်။ သူတို့ ပြန်လာနိုင်ဖို့တော့ လိုနေပါသေးတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
စကယ်လီမပါဝင်နိုင်တာကြောင့် အာတီတာက ဘယ်ခြမ်းမှာ တင်းဘားကိုပြန်လည်အသုံးပြုဖွယ်ရှိနေပြီး ဘင်ဝှိုက်ကို ညာခြမ်းပြန်လည်အသုံးပြုဖွယ်ရှိနေပါတယ်။ စွယ်စုံရညာနောက်ခံလူဟာ ဒူးဒဏ်ရာခွဲစိတ်မှုခံယူပြီးနောက် ဝက်စ်ဟမ်းနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။ “သူ(ဘင်ဝှိုက်)က ကျွန်တော်တို့အတွက် အရမ်းကိုမှထူးခြားတဲ့တစ်စုံတစ်ခုပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ညာခြမ်းမှာပါ။ ဒီရာသီ ကျွန်တော်တို့ သူမရှိပဲ မကစားနိုင်ပါဘူး။ ဆာကာ နဲ့ အိုဒီဂတ်တို့လည်း အတူတူပါပဲ။
သူပြန်လာနိုင်တာက တကယ်ကောင်းပါတယ်။ ရွေးချယ်စရာပိုများနိုင်ပြီး အသင်းအတွက်လည်း တကယ်ကောင်းပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဝက်စ်ဟမ်းကိုအရေးနိမ့်ခဲ့တာကြောင့် လီဗာပူးအသင်းနဲ့ ရမှတ် ၁၁ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာကတော့ သူ့အနေနဲ့ ချန်ပီယံဆုအတွက် လက်လျှော့မှာမဟုတ်ပဲ အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။