The network connection is lost.

Banner Image

ချဲလ်ဆီးကစားသမားဘဝအစမှာ ရုန်းကန်ခဲ့ရမှုတွေက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ သက်ဆိုင်မှုမရှိကြောင်း ပြောကြားလာတဲ့ ဖာနန်ဒက်ဇ်

ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က သူ့ရဲ့စတန်းဖို့ဒ်ဘရစ်ချ်ကစားသမားဘဝအစမှာ ရုန်းကန်ခဲ့ရမှုတွေက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ သက်ဆိုင်မှုမရှိဘဲ နည်းပြအပြောင်းအလဲနဲ့ ဒဏ်ရာပြဿနာတွေကြောင့်သာဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာ ချဲလ်ဆီးသို့ ပေါင် ၁၀၆.၈  သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဖာနန်ဒက်ဇ်ဟာ သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံးကွင်းလယ်လူအဖြစ် စံချိန်တင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်သို့ စတင်ရောက်ရှိချိန်မှာ ရုန်းကန်ခဲ့ရပါတယ်။ 

စတန်းဖို့ဒ်ဘရစ်ချ်သို့စတင်ရောက်ရှိခဲ့တဲ့ ပထမ ၆ လအတွင်းမှာတော့ အာဂျင်တီးနားလက်ရွေးစင်ဟာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်အချို့ ပြသနိုင်ခဲ့ပေမယ့် နောက်ရာသီမှာတော့ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ကစားသမားဟာ ၂၀၂၃-၂၄ ရာသီအတွင်း ချဲလ်ဆီးရဲ့ ပွဲစဉ် ၁၀ ပွဲအထိလွဲချော်ခဲ့ပြီး အူကျွံရောဂါကိုလည်း ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ 

ဂရေဟမ်ပေါ်တာနဲ့ မော်ရီစီယိုပိုချက်တီနိုတို့လက်အောက်မှာ ကစားခွင့်ရခဲ့တဲ့ ဖာနန်ဒက်ဇ်ဟာ ယခုအခါမှာတော့ ချဲလ်ဆီးကစားသမားဘဝ တတိမြောက်နည်းပြ အန်ဇိုမာရက်စ်ကာရဲ့လမ်းညွှန်မှုအောက် ရောက်ရှိနေပြီး တည်ငြိမ်တဲ့ခြေစွမ်းကို ပြန်လည်ထိန်းသိမ်းထားနိုင်ပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားက “ကျွန်တော်ချဲလ်ဆီးကို စရောက်ချိန်မှာ အတော်လေးခက်ခဲခဲ့ပါတယ်။ ပထမဆုံးနှစ်နဲ့ နောက်ထပ် ၆ လလောက်အထိ ရုန်းကန်ခဲ့ရတာပါ။ နည်းပြအပြောင်းအလဲတွေ၊ ကလပ်ရဲ့တည်ငြိမ်မှုမရှိတဲ့အခြေအနေတွေနဲ့ ကျွန်တော့်ရဲ့ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတာမျိုးပါ”

“ကျွန်တော့်ရဲ့ပြောင်းရွှေ့ကြေးနဲ့သက်ဆိုင်မှုမရှိပါဘူး။ အဲဒါက ကျွန်တော့်အတွက်ဖိအားမဖြစ်စေပါဘူး။ ကိုယ့်တာဝန်ကိုယ်ကျေဖို့ပဲ ကြိုးစားခဲ့ပြီး အသင်းကိုစတင်ရောက်ရှိချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ကျွန်တော် တိုက်စစ်ပိုင်းကို လိုက်ပါကစားဖို့ကြိုးစားခဲ့ပြီး ဒါက ကျွန်တော်ကစားချင်တဲ့ပုံစံပဲဆိုတာ သိခဲ့ရပါတယ်။ အခုချိန်မှာတော့ အသင်းကတည်ငြိမ်နေပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်နိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

အန်ဇိုမာရက်စ်ကာရောက်ရှိလာပြီးနောက်ပိုင်းမှာ ချဲလ်ဆီးရဲ့ကစားပုံကလည်း သိသိသာသာပဲပြောင်းလဲမှုရှိလာခဲ့ပြီး ခြေစွမ်းပိုင်းတိုးတက်ကောင်းမွန်ခဲ့ကာ လက်ရှိအချိန်မှာတော့ ၂၀၁၆-၁၇ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းတစ်ချို့ ဖန်တီးထားနိုင်ပြီဖြစ်ပါတယ်။ 

ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးအတွက်ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ထားနိုင်တာကြောင့် တစ်ပွဲကို ၁ ဂိုးနှုန်း ပါဝင်ပတ်သက်မှုပြုလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ဒီရာသီမှာ အခွင့်အရေးဖန်တီးမှု စုစုပေါင်း ၂၆ ကြိမ်အထိပြုလုပ်ထားနိုင်တာကြောင့် ချဲလ်ဆီးမှာ အဆိုပါ ပမာဏထက်ပိုမိုများပြားအောင်ပြုလုပ်ထားနိုင်သူမှာ ကိုးလ်ပယ်လ်မာတစ်ယောက်သာရှိနေပါတယ်။ 

ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲမှာ ၆ ပွဲနိုင် ၃ ပွဲသရေရလဒ်ကိုဖန်တီးထားနိုင်တဲ့ ချဲလ်ဆီးဟာ ယူရိုပါကွန်းဖရန့်လိဂ်မှာလည်း အခြေအနေကောင်းနေပြီး ဗိုလ်စွဲဖို့အတွက်ပင် ရေပန်းစားနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး အသက်-၂၃ နှစ်အရွယ်ကစားသမားက နည်းပြမာရက်စ်ကာရဲ့လက်အောက်မှာ ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာကြောင်းကို “ကျွန်တော်ကစားရမယ့်နေရာကို သေချာလေ့လာခဲ့ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ နည်းပြဘာလိုချင်လဲဆိုတာ ကျွန်တော်သိလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားရမှုရှိနေပါပြီ။ အသင်းနဲ့အတူ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားပေမယ့် ရာသီကုန်ဖို့က အဝေးကြီးလိုပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။