The network connection is lost.

Banner Image

အစ်ဆွစ်ကိုရှုံးနိမ့်မှုအပြီး ကျေနပ်စရာအချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးရဲ့ရုတ်တရက်ပုံစံကောင်းပျောက်ဆုံးသွားမှုက အင်္ဂလန်ထိပ်တန်းကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သေးဘူးဆိုတာ သက်သေပြနေပေမယ့် အခုလိုရာသီဝက်ကာလမှာ သူတို့အသင်းရောက်ရှိနေတဲ့ နေရာကို ကျေနပ်နိုင်လိမ့်မယ်လို့ အန်ဇိုမာရက်စ်ကာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ပို့မန်းရုတ်ဒ်မှာယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်အတွင်း တန်းတက်အစ်ဆွစ်က ဒီလပ်၊ ဟတ်ချင်ဆန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချဲလ်ဆီးကို အနိုင်ယူကာ အခုရာသီ၊ ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲ ရယူခဲ့ပါတယ်။ ခရစ္စမတ်ကာလမတိုင်ခင် အဲဗာတန်နဲ့ ဂိုးမရှိသရေကျမှု၊ Boxing Day နေ့ ဖူလ်ဟမ်ကို ရှုံးနိမ့်မှုအပြီး အခုပွဲစဉ်ရလဒ်ပိုင်းက အမှတ်ပေးချန်ပီယံပြေးလမ်းထက် ချဲလ်ဆီးရဲ့ခြေချော်မှုကို သက်သေပြနေခဲ့ပါတယ်။

ဒါပေမယ့် အသင်းကို ပြင်ဆင်နေဆဲသာဖြစ်တယ်လို့ အမြဲတစေပြောဆိုခဲ့တဲ့ မာရက်စ်ကာက နှစ်သစ်ဆီ အမှတ်ပေးဇယားအဆင့်-၄ နေရာဖြင့် ဝင်ရောက်နိုင်မှုနဲ့အတူ အခုဘောလုံးရာသီရဲ့ပထမပိုင်းကာလအပေါ် ကျေနပ်အားရမိပါတယ်လို့ ပြောလာခဲ့ပါတယ်။

အီတာလျံသားနည်းပြက “ဘောလုံးမှာ အခုလိုအခိုက်အတန့်တွေ ရှိနေတယ်ဆိုတာ သိထားလို့ ဘောလုံးရာသီတစ်ခုအတွင်း ဒီလိုအခိုက်အတန့်တွေရောက်ရှိလာဖို့ မျှော်လင့်ထားခဲ့ပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခုလိုအခိုက်အတန့်မျိုးမရှိဘဲ ဘောလုံးရာသီတစ်ခုလုံးကို ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမယ့် တချိန်တည်းမှာပဲ ကျွန်တော်တို့ကို ဒီနေ့၊ ဒီအဆင့်မျိုးမှာရှိနေမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါက ဘာကိုဖော်ပြနေသလဲဆိုရင် ကျွန်တော်တို့အသင်းဟာ လမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ အကြိမ်ပေါင်းများစွာလည်း ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် လက်တွေ့လည်းပြသခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘဲ အဲ့ဒီလိုယှဉ်ပြိုင်သွားနိုင်စေဖို့လိုအပ်မယ့် တည်ငြိမ်မှုမျိုးနဲ့လည်း ဝေးကွာနေဆဲပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိရောက်ရှိနေတဲ့နေရာကို ကျေနပ်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျွန်တော်တို့တွေ ပိုကောင်းအောင်လုပ်ဆောင်ဖို့လိုအပ်တဲ့ကိစ္စတွေ အများကြီးရှိနေပါသေးတယ်”လို့ ပြောပါတယ်။စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်က အလွန်အလုပ်များတဲ့ဒီဇင်ဘာကာလကို ကြံကြံခံရင်ဆိုင်ခဲ့ပြီး မာရက်စ်ကာကိုယ်တိုင်လည်း ဒဏ်ရာပြဿနာတွေများစွာရှိနေတဲ့လူစာရင်းကြောင့် ပို့မန်းရုတ်ဒ်မှာယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်အတွက် ပွဲထွက်နေရာငါးခုအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အသက်-၄၄ နှစ်အရွယ်နည်းပြက သူ့အသင်းစွမ်းဆောင်ရည်ပိုင်းညံ့ဖျင်းမှုနဲ့ပတ်သက်လို့ ပင်ပန်းနွမ်းနယ်မှုဆိုတဲ့အချက်ဟာ တစိတ်တပိုင်းအားဖြင့် ပါဝင်လိမ့်မယ်ဆိုတဲ့ အယူအဆကို ပယ်ချလိုက်ပါတယ်။

မာရက်စ်ကာက “ဒီညပွဲစဉ်ကတော့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သက်ဆိုင်တယ်လို့ မယူဆပါဘူး။ ပွဲကစားချိန်အတွင်း အခွင့်အရေးတွေမဖန်တီးနိုင်၊ ဘာမှလည်း မလုပ်နိုင်၊ ပြိုင်ဘက်ကို အန္တရာယ်လည်း မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့တွေ ရုပ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရပြီ၊ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိဘူး သို့မဟုတ် မလန်းဆန်းဘူးလို့ ပြောနိုင်ပါပြီ။

ဒါပေမယ့် ပထမပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေကိုလည်း အလားတူပုံစံမျိုးနဲ့ပဲ စတင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းနှစ်ကြိမ်ရရှိပြီးနောက် ပေးလိုက်ရတဲ့ ဒုတိယဂိုးက ပွဲစဉ်ရဲ့အဆုံးသတ်ဖြစ်သွားစေခဲ့ပါတယ်။ ဒီနေ့ကတော့ ကျွန်တော်တို့အတွက် နေ့ကောင်းရက်မြတ်မဟုတ်တဲ့ကိစ္စမျိုးသာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။