The network connection is lost.

Banner Image

ပွဲအစမိနစ်ပိုင်းအတွင်းမှာတင် ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ကို ချဲလ်ဆီးတို့ အနိုင်ရရှိသွားတယ်လို့ ရှင်းပြလိုက်တဲ့ အန်ဇိုမာရက်စ်ကာ

ပွဲအစ ၁၀ မိနစ်အတွင်းမှာတင် ပွဲစဉ်အရှိန်အဟုန်ကို ချိန်ညှိနိုင်ခြင်း၊ ပီအက်စ်ဂျီရဲ့စွမ်းအားတွေကို ကန့်သတ်လိုက်နိုင်ခြင်းတို့ကြောင့် ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်း အနိုင်ရရှိပြီလို့ အန်ဇိုမာရက်စ်ကာ ယုံကြည်နေခဲ့ပါတယ်။

နယူးဂျာစီရှိ MetLife Stadium ကွင်းအတွင်း ဥရောပချန်ပီယံတွေကို မျက်လှည့်ပြခဲ့တဲ့ အပြာရောင်တပ်ဖွဲ့က ကိုးလ်ပယ်လ်မာ(၂ ဂိုး)၊ ဂျော်အိုပက်ဒရိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့အောင်ပွဲတစ်ခု ရရှိခဲ့ပါတယ်။ ကလပ်အသင်း ၃၂ ခုဖြင့် ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မှုကြောင့် ပြိုင်ပွဲဝင်ကြေးနဲ့ ဆုကြေးငွေ ပေါင်းစပ်ထားတဲ့ အနည်းဆုံးပေါင် ၉၇ သန်းပမာဏရှိ ငွေကြေးတစ်ရပ်ကို ချဲလ်ဆီးတို့ ပိုင်ဆိုင်သွားပါလိမ့်မယ်။

ဒါ့အပြင် အခုအောင်ပွဲက အန်ဇိုမာရက်စ်ကာရဲ့လက်အောက် မေလ၊ ကွန်ဖရန့်လိဂ်ဆုဖလားရရှိမှုအပြီး ဒုတိယမြောက်ဆုဖလားအောင်မြင်မှု ဖြစ်လာပါတယ်။ပွဲစဉ်အပြီး ကျေနပ်အားရနေတဲ့ မာရက်စ်ကာက “ ပြောစရာစကားလုံးတောင် မရှိတော့ပါဘူး။ ကစားသမားတွေအတွက် ထိုက်တန်လွန်းတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

ကျွန်တော့်အတွက်ဆိုရင်တော့ ပွဲအစ ၁၀ မိနစ်အတွင်းမှာတင် ကျွန်တော်တို့တွေ ပွဲစဉ်ကို အနိုင်ရရှိလိုက်ပါပြီ။ ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ ကျွန်တော်တို့က ပွဲအရှိန်အဟုန်ကို ချိန်ညှိပြီး ကျွန်တော်တို့ကစားချင်ခဲ့တဲ့ပုံစံမျိုး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း အရမ်းကောင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ကံမကောင်းစွာနဲ့ဘဲ ရာသီဥတုအခြေအနေကြောင့် မိနစ် ၉၀ ကြာ ဆက်ကစားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွေးထဲမှာတော့ ပွဲအစ ၁၀ မိနစ်အတွင်းမှာတင် ကျွန်တော်တို့တွေ ပွဲစဉ်ကို အနိုင်ရရှိခဲ့ပါပြီ”လို့ ပြောပါတယ်။

ပယ်လ်မာရဲ့စိတ်လှုပ်ရှားဖွယ်တစ်ဦးချင်းအရည်အသွေးနဲ့ပတ်သက်လို့ မာရက်စ်ကာက “ ဒီနေ့မှာ ကျွန်တော်တို့က ပယ်လ်မာအတွက် တိုက်စစ်ပိုင်းမှာ နေရာလွတ်များများရရှိနိုင်မယ့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကစားသမားအားလုံးရဲ့ကြိုးစားအားထုတ်မှု အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ အနာဂတ်ခရီးလမ်းအပေါ် အီတာလျံသားက “ ကျွန်တော်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမဲ့ ဒီထက်အနည်းငယ်ပိုပြီးစိတ်လှုပ်ရှားမိတဲ့ကိစ္စကတော့ အားလပ်ရက်အဖြစ် သီတင်းပတ်သုံးခု ရရှိပြီဆိုတာပါပဲ”လို့ ပြောပါတယ်။