The network connection is lost.

Banner Image

အမေရိကန်ဒေသအပူချိန်ကို ကစားသမားတွေ ခံနိုင်ရည်ရှိဖို့ မျှော်လင့်နေတဲ့ တူချယ်

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသောမတ်စ်တူချယ်က အခုလအတွင်း စတင်ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တက်ရောက်ပြီး ပူပြင်းစိုစွတ်လှတဲ့ရာသီဥတုအခြေအနေကို ကစားသမားတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်လေ့လာပါလိမ့်မယ်။

လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေပြီး ပြိုင်ပွဲသမိုင်းတလျှောက် ရာသီဥတုအရ အပူပြင်းဆုံးပြိုင်ပွဲတွေအနက် တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘာစီလိုနာမှာ အန်ဒိုရာနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ တူချယ်က “ အခု မီယာမီဒေသစံတော်ချိန် နေ့လည်သုံးနာရီမှာကစားမယ့် ပွဲစဉ်တွေနဲ့ အမေရိကမှာကစားတဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ဖို့ အရေးကြီးလာပါပြီ။

ကျွန်တော်လည်း စောင့်ကြည့်သွားရပါလိမ့်မယ်။ ကစားသမားတွေအတွက် သက်သောင့်သက်သာရှိနေစေဖို့ ဘယ်လိုပုံစံမျိုးဖြစ်လာနိုင်မလဲဆိုတာနဲ့ ကျွန်တော်တို့ရွေးချယ်နိုင်မယ့်အရာ ဘာတွေရှိမလဲဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။ အင်္ဂလန်က ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)၊ အုပ်စု(K)ရဲ့ ထိပ်ဆုံးနေရာမှာရှိနေပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဝင်ခွင့်ရရှိဖို့ သေချာသလောက်နီးပါး ဖြစ်နေပါတယ်။

ဒါပေမဲ့ တူချယ်ကတော့ အခြေအနေတွေ ကြမ်းတမ်းခက်ထန်လာလိမ့်မယ်လို့ ပြောပါတယ်။ သူက “ ဘောလုံးရာသီကုန်ဆုံးပြီးချိန်ဖြစ်လို့ စောင့်ကြည့်ကြတာပေါ့။ နောက်နှစ်မှာ အခြေအနေတွေကတော့ အရမ်းဆင်တူနေပါလိမ့်မယ်။ အမှန်တကယ်အတွေ့အကြုံက ကစားသမားတွေအတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အော်လန်ဒိုမှာ ရာသီကြိုကာလဖြတ်သန်းဖူးလို့ ရာသီဥတုဒဏ်မခံစားရဘူးဆိုရင် ကျွန်တော်အလွန်အံ့သြမိပါလိမ့်မယ်။ ရာသီဥတုကိစ္စက လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခေါင်းစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

အင်္ဂလန်အသင်းကလည်း စပိန်နိုင်ငံမှာကစားရမယ့် အန်ဒိုရာနဲ့ပွဲစဉ်အတွက် ပြင်ဆင်ရင်း အပူချိန်နဲ့စိုထိုင်းဆအောက် ကစားသမားတွေရဲ့တုံ့ပြန်မှုနဲ့ လေ့ကျင့်နိုင်စွမ်းရှိဖို့ အပူပေးရွက်ဖျင်တဲတွေကို အသုံးပြုနေပါတယ်။