The network connection is lost.

Banner Image

တူချယ် ထွက်ခွာမှုအတွက် ဝမ်းနည်းမိကြောင်း ဟယ်ရီကိန်း ထုတ်ဖော်ပြောကြား

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက တူချယ်တစ်ယောက် ရာသီအကုန်အသင်းကနေ ထွက်ခွာမှာကို ဝမ်းနည်းမိတယ်လို့ ပြောကြားလိုက်ပြီး ထိပ်တန်းနည်းပြတစ်ဦးနဲ့ လူကောင်းတစ်ဦးဖြစ်တယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။
 
အခုလထဲမှာ ၃ ပွဲအရေးနိမ့်ခဲ့ပြီးနောက် ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ကာ တူချယ်ဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး သူ့နေရာမှာ အစားထိုးမယ့်သတင်းတွေ ထွက်ပေါ်နေပါတယ်။ လေဗာကူဆင်နည်းပြ အလွန်ဆိုကို ချိတ်ဆက်မှုတွေရှိနေသလို ဘိုင်ယန်ရဲ့ပစ်မှတ်ထဲမှာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းလည်း ပါဝင်နေပါတယ်။
 
ဘိုင်ယန်ဟာ စနေနေ့တုန်းက လိုက်ပ်ဇစ်ကို ကိန်းရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။
 
နိုင်ပွဲပြီးနောက် တူချယ်ထွက်ခွာမှုနဲ့ပတ်သက်ပြီး ကိန်းက “အသင်းက ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကျွန်တော်တို့ကစားသမားတွေက နည်းပြအတွက် တာဝန်ယူမှုအပြည့်ရှိရမှာဖြစ်သလို အသင်းအတွက်လည်း တာဝန်ယူမှုအပြည့်ရှိရမှာပါ။ ဒီရာသီအတွက် အရာအားလုံးပေးဆပ်ဖို့ လိုအပ်ပါတယ်။ ကစားသမားတွေအနေနဲ့ စွမ်းဆောင်ရည်မကောင်းဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ခင်ဗျားအနေနဲ့ အဲ့တာကိုပြောပြီး ထိုင်နေလို့မရပါဘူး။ ကျွန်တော်တို့ အခိုက်အတန့်တိုင်းအတွက် တိုက်ခိုက်ရပါမယ်။ ဒီနေ့မှာ ကျွန်တော်တို့ လုပ်ခဲ့သလိုမျိုးပေါ့။ မှန်ပါတယ်။ တူချယ်ထွက်ခွာမှုအတွက် ဝမ်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ သူက ထိပ်တန်းနည်းပြတစ်ဦးဖြစ်သလို တကယ်ကောင်းတဲ့သူပါ။ အသင်းဘက်ကလည်း ဆုံးဖြတ်ချက်ချပြီးပါပြီ။ ဒါကဘောလုံးပါ။ ကစားသမားတစ်ဦးအမြင်အရ ကျွန်တော်တို့နည်းပြ နဲ့ အသင်းအတွက် တာဝန်ယူမှုအပြည့်ပြသရပါမယ်။ ပြီးတော့ ဒီရာသီအတွက် တိုက်ခိုက်ရပါမယ်။ အဲ့တာက ကျွန်တော်တို့လုပ်နိုင်တာပါ။ ကျွန်တော်တို့မှာ စရိုက်လက္ခဏာကောင်းတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်ဆက်ကြိုးစားပြီး တွန်းအားပေးရပါမယ်”လို့ကိန်းက ပြောကြားခဲ့ပါတယ်။
 
တူချယ်ကိုယ်တိုင်ကလည်း အင်တာဗျူးတစ်ခုမှာ “ကျွန်တော်တို့ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့တဲ့အသေးစိတ်ကိုတော့ ပြောပြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်က အလုပ်သမားပါ။ ပြီးတော့ အလုပ်သမားတွေမှာက ရွေးချယ်စရာမရှိပါဘူး။ သူတို့လက်ထဲမှာ သူတို့ကံကြမ္မာရှိမနေပါဘူး။ ဒါပေမယ့် အရာအားလုံးအဆင်ပြေပါတယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ကျွန်တော်က ဦးဆောင်သူပါ။ ဝန်ထမ်းတွေအားလုံးအတွက် ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်။ ထိပ်တန်းအဆင့်မှာရပ်တည်နိုင်ဖို့ ရမှတ်တွေအတွက် တိုက်ခိုက်ဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
 
ဘိုင်ယန်အားကစားဒါရိုက်တာ ဖရူအန်ကလည်း “ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ တူချယ်က ဒီအသင်းအတွက် အများကြီးရင်းနှီးမြုပ်နှံခဲ့တာပါ။ အခုတော့ သူနဲ့လမ်းခွဲရပါတော့မယ်။ သူနဲ့အတူ နောက်ထပ် ၃ လကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။