The network connection is lost.

Banner Image

ယူရိုအောင်ပွဲ မရဘူးဆိုရင် အသင်းမှ ထွက်ခွာနိုင်တယ်လို့ ဆိုလိုက်တဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အဆုံးသတ်အောင်ပွဲ မရယူနိုင်ဘဲ ထပ်မံကျရှုံးမယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ တာဝန်မှ နုတ်ထွက်သွားဖွယ်ရှိတယ်လို့ ဂါရတ်ဆောက်ဂိတ်က ပြောဆိုလိုက်ပါတယ်။
 
ဆောက်ဂိတ်ရဲ့စာချုပ်သက်တမ်းက လာမယ့်ဒီဇင်ဘာလမှာ ကုန်ဆုံးဖို့ရှိနေပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ဘက်ကတော့ သူ့ကို ဆက်လက်တာဝန်ယူစေချင်တယ်လို့ ESPN သတင်းဌာနရဲ့သတင်းရင်းမြစ်တွေဆီမှ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အသက်-၅၃ နှစ်အရွယ်နည်းပြက အသင်းရဲ့ကြမ္မာဆိုးတွေကို သိသိသာသာ ပြောင်းလဲပေးခဲ့ပြီး သူ့ရဲ့လက်ထက်မှာ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၊ ယူရို-၂၀၂၀ ဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
 
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆောက်ဂိတ်ရဲ့အသင်းက ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပေမယ့် ပြင်သစ်ကို အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ ဘယ်လင်ဟမ်၊ ကိုးလ်ပယ်လ်မာ၊ ဂေါ်ဒွန်နဲ့ မိုင်နူးတို့အပါအဝင် စိတ်လှုပ်ရှားဖွယ် လူငယ်ကစားသမားတွေ ပေါ်ထွက်လာမှုနဲ့အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ စွမ်းဆောင်ရည်မှတ်တမ်းက အခုနှစ်ယူရိုပြိုင်ပွဲမတိုင်ခင် အောင်ပွဲမျှော်လင့်ချက်တွေ မြင့်တက်လာစေခဲ့ပါတယ်။
 
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆောက်ဂိတ်က အသင်း အတွက် အသင့်တော်ဆုံးသူ ဟုတ်၊မဟုတ်ဆိုတဲ့ ပူပန်မှုတွေနဲ့ ရာထူးမှနုတ်ထွက်လုနီးပါးဖြစ်ခဲ့သလို ဂျာမနီမြေပွဲစဉ်တွေအပြီးမှာလည်း သူကိုယ်တိုင် ဆုံးဖြတ်ချက်တစ်ခုကို နောက်တစ်ကြိမ်ချမှတ်သွားရပါလိမ့်မယ်။
 
ဂျာမန်သတင်းစာ Bild နဲ့တွေ့ဆုံချိန် ဆောက်ဂိတ်က “ယူရိုဖလား မရယူနိုင်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဒီနေရာမှာရှိတော့မှာ မဟုတ်ပါဘူး။ ဒါက နောက်ဆုံးအကြိမ်အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။ ပြိုင်ပွဲကြီးတစ်ခုအပြီးမှာ နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြထက်ဝက်လောက် ရာထူးမှထွက်ခွာတတ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက နိုင်ငံတကာအဆင့်ဘောလုံးလောကရဲ့ထုံးစံပါပဲ။ အခုဆိုရင် ကျွန်တော်လည်း ဒီနေရာမှာရှိနေတာ ရှစ်နှစ်နီးပါးရှိနေပြီဖြစ်လို့ လမ်းခွဲချိန်နဲ့ နီးကပ်လာပါပြီ။ ဒါကြောင့် လူတွေရှေ့မှာ ဒီထက်ပိုပြီး လုပ်ပြပေးပါဦးလို့ တောင်းဆိုလို့မရတော့ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုတောင်းဆိုလိုက်ရင် တချိန်တည်းမှာပဲ ပရိသတ်တွေရဲ့ယုံကြည်မှု ဆုံးရှုံးသွားနိုင်လို့ပါ။ အသင်းကြီး တစ်ခုဖြစ်ချင်ရင်၊ ကျွန်တော်ကိုယ်တိုင်လည်း ထိပ်တန်းနည်းပြတစ်ဦးဖြစ်ချင်ရင် ကြီးမားတဲ့ အခိုက်အတန့်တွေကို ဖန်တီးသွားနိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့လအတွင်း ESPN သတင်းဌာနနဲ့တွေ့ဆုံချိန် ဆောက်ဂိတ်က အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အံ့မခန်းပြိုင်ပွဲတစ်ခုဖြစ်လာနိုင်ပေမယ့် ဒီပြိုင်ပွဲမှာ သူပါဝင်နိုင်ပါ့မလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြောခဲ့ပါတယ်။
 
ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် စာချုပ်သက်တမ်းတိုးခြင်းက ရွေးချယ်ခွင့်တစ်ခု ဖြစ်ခဲ့သလားဆိုတဲ့ မေးခွန်းကို ဆောက်ဂိတ်က ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အင်တာမီလန်အသင်းရဲ့စိတ်ဝင်စားမှု ရှိနေချိန်မှာပဲ အင်္ဂလန်အသင်းမှာဆက်နေဖို့သဘောတူခဲ့တဲ့ ကာပယ်လိုအပေါ် လူအများရဲ့ တုံ့ပြန်မှုကို ရည်ညွှန်းကာ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ အင်္ဂလန်က ဂျာမနီကို ၁-၄ ဂိုးဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။
 
ဆောက်ဂိတ်က “မဟုတ်ပါဘူး၊ စာချုပ်သက်တမ်း တိုးဖို့ဆိုတာ ရွေးချယ်ခွင့်တစ်ခု မဟုတ်ပါဘူး။ အကြောင်းပြချက်ကတော့ အသင်းအပေါ် ဖိအားတွေ ပိုများလာစေနိုင်သလို ဝေဖန်မှုတွေလည်း ပိုရှိလာနိုင်လို့ပါပဲ။ အင်္ဂလန်က ဖေဘီယိုကာပယ်လိုနဲ့လည်း ဒီလိုမျိုးတစ်ကြိမ်လုပ်ဆောင်ခဲ့ဖူးပြီး ပြိုင်ပွဲမတိုင်ခင် ဒရာမာဇာတ်လမ်းကြီးတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးဆုံးချိန်မှပဲ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တာ ပိုကောင်းပါတယ်”လို့ ပြောပါတယ်။
 
အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ခရီးစဉ်ကို လာမယ့်တနင်္ဂနွေနေ့၊ ဆာဘီးယားနဲ့ ရင်ဆိုင်ကစားကာ စတင်သွားရပါလိမ့်မယ်။