The network connection is lost.

Banner Image

ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် လက်ရှိနယူးကာဆယ်ရဲ့ခြေစွမ်းဟာ ပြီးခဲ့တဲ့ရာသီကတွေကထက် အလွန်နိမ့်ကျသွားကြောင်း ဟိုဝီဝန်ခံ

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့အမှတ်မထင်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ဒီရာသီအသင်းရဲ့ခြေစွမ်းဟာပြီးခဲ့တဲ့ရာသီတွေကထက် အလွန်နိမ့်ကျသွားကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ နယူးကာဆယ်ဟာ ပွဲအစ ၄ မိနစ်မှာရရှိခဲ့တဲ့ မာဖီရဲ့ဂိုးနဲ့ ဝက်စ်ဟမ်းကို စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာပဲ ၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ခြင်းမရှိပါဘူး။ ဝက်စ်ဟမ်းအတွက်ဂိုးတွေကို ၃၅ မိနစ်မှာပါကွီတာနဲ့ ၄၅+၅ မိနစ်မှာ ဘော့မန်း(OG) တို့က သွင်းယူခဲ့ကြတာဖြစ်ပြီး အနိုင်သေချာစေမယ့်ဂိုးကိုတော့ ပွဲပြီးကာနီးအချိန်ပိုမှ ဆူဆက်ခ်က သွင်းယူခဲ့ပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန်မှာ နယူးကာဆယ်ဟာ ၃ ပွဲနိုင် ၃ ပွဲသရေနဲ့ ၄ ပွဲအထိရှုံးနိမ့်ထားတာကြောင့် ရမှတ် ၁၂ မှတ်နဲ့အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ ဟိုဝီက "ဒီနေ့မှာ အသင်းက အင်တိုက်အားတိုက်မကစားနိုင်ခဲ့ပါဘူး။ အသင်းရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်က ကြံ့ခိုင်မှု၊ စွမ်းအင်တွေပျောက်ဆုံးမှုနဲ့အတူ ဒီနေ့မှာရှိမနေခဲ့ပါဘူး။ အရမ်းကိုစိတ်ပျက်စရာကောင်းတဲ့ပွဲပါ။ ဒီနေ့မှာကျွန်တော်တို့ရဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါဘူး"

"အချက်အလက်တွေမှာဆိုရင်လည်း ကျွန်တော်တို့က ပိုအားနည်းခဲ့ပါတယ်။ အသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရည်က အတော်လေးလျော့ကျနေတာပါ။ ဒီရာသီ ကျွန်တော်တို့မနိုင်ခဲ့တဲ့ပွဲစဉ်တွေထဲမှာ ဒီပွဲရဲ့ကစားဟန်က အဆိုးဆုံးပါပဲ" "ပြီးခဲ့တဲ့ရာသီအချို့မှာမြင်တွေ့ခဲ့ရတဲ့နယူးကာဆယ်ကို အခုမမြင်ရတော့ပါဘူး။ ကစားသမားတွေရဲ့ စိတ်ဓာတ်ခွန်အားတွေပျောက်ဆုံးနေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။ ပထမပိုင်းပြီးဖို့ အချိန်ကြာနေတာနဲ့အမျှ အသင်းရဲ့စွမ်းဆောင်ရည်အပေါ်ကျွန်တော့်ရဲ့စိတ်ပျက်မှုကလည်း တိုးနေခဲ့ပါတယ်။ နည်းစနစ်ပိုင်းမှာသာမက စိတ်ဓာတ်ပိုင်းမှာပါ အသင်းက ပုံမှန်အခြေအနေမှာရှိမနေခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။